Skip to main content

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက် ရောက်

ဘားအံ  ဖေဖော်ဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာ စကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အထိမ်းအမှတ်လှုပ်ရှားဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသော တက္ကသိုလ်/ကောလိပ်အဆင့်နှင့်အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဆုရကျောင်းသား၊ ကျောင်းသူများက ပြန်လည်သရုပ်ပြ ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ချက်များ၊ ငယ်စဉ်ကျောင်းသားဘဝမှစ၍ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျောက် ဖြတ်သန်းခဲ့ရသည့် ဘဝအဖုံဖုံကို ဖော်ညွှန်းသည့် ဗိုလ်ချုပ် ကိုယ်တိုင်ရေးသားခဲ့သည့် စာများ၊ စာအုပ်၊စာစောင်များ၊ နံရံကပ် စာစောင်များနှင့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြကာ အခမ်းအနားသို့တက်ရောက်လာသူများအား ပဲပြုတ်၊ နံပြားဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)