Skip to main content

ဂျပန်-မြန်မာ မွေးရာပါကလေးနှလုံးရောဂါ ပူးပေါင်းကုသရေးစီမံချက် ငါးနှစ်ပြည့်မြောက်သည့်အခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ဂျပန်-မြန်မာ မွေးရာပါကလေးနှလုံးရောဂါ ပူးပေါင်း ကုသရေးစီမံချက် ငါးနှစ်ပြည့်မြောက်သည့် အခမ်းအနား ကို ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့မာရုယာမက အဖွင့်အမှာ စကားပြောကြားရာတွင် ကလေးငယ်များကို ကူညီကုသပေး ခဲ့သည့် ငါးနှစ်တာကာလကို အထူးဂုဏ်ယူကျေးဇူးတင်ပါ ကြောင်း၊ ယခုလို ကူညီနိုင်စေရန် ကူညီပေးကြသူများကို ကျေးဇူးတင်ပါကြောင်း၊ ထပ်မံပြီး ကူညီဆောင်ရွက်ပေးပါ ရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာရီရီမြင့် က အမှာစကားပြောကြားပြီး Editorial director of Sankei shimbun၊ Akemi Chan Fund ဦးစီးကော်မတီဝင် Mr. Torii Yusoke က Akemi Chan Fund ၏ ဆောင်ရွက် မှုများကို ရှင်းလင်းပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာရီရီမြင့်က “ကျွန်မ တို့ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီး စွာ ပူးပေါင်းဆောင်ရွက်မှု တွေက ကလေးတော်တော်များများရဲ့ ရောဂါကို ပျောက်ကင်းသွားအောင် အသက်ကယ်နိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးလည်း ဂျပန်နိုင်ငံနဲ့ လေ့ကျင့်ရေးနဲ့ ပူးပေါင်း ကုသမှုတွေ ဆက်လုပ်ကြပြီး နှလုံးရောဂါသည်ကလေးငယ် တွေကို အခုထက်ပိုပြီး ကူညီစောင့်ရှောက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

Akemi Chan Fund သည် ဂျပန်နိုင်ငံ အိုဆာကာ မြို့၌ အခြေစိုက်ပြီး မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးများအား ကူညီကုသပေးရန် Sankei Shimbun သတင်းစာက တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ဂျပန်၊ မြန်မာ၊ မွန်ဂိုလီးယားနိုင်ငံများမှ ကလေးငယ်များအား ကုသ မှုများဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ ကလေး ၃၄၈ ဦးအား ကုသပေးပြီးဖြစ်ကြောင်း သိရသည်။

ကိုဌေး