Skip to main content

လောကသဘာဝနှင့် ရင်ဆိုင်ကြရချိန်တွင်...

ယနေ့ကမ္ဘာတစ်လွှားကို ရှုမြင်ကြည့်လိုက်တော့ လူသိများသည့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် အစရှိသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း လေးဆယ်ခန့်မှာ စစ်ဖြစ်နေသည်။ မြန်မာ နိုင်ငံမှ ပြည်တွင်းပဋိပက္ခကိုအခြေခံသည့် နိုင်ငံအတွင်းဖြစ်ပွား နေသည့်စစ်သည် ကမ္ဘာ့စံချိန်တင်နိုင်လောက်အောင် သက်တမ်းရှည်နေပြီ။ အန္ဒီ စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရသူများက စစ်ပွဲတွင်းမှာ အမှန်တကယ် စစ်တိုက်နေရသူများနှင့် စစ်ဖြစ်ပွား ရာ နယ်မြေဒေသတွင်းက အရပ်သားပြည်သူလူထုဖြစ်၏။

စစ်ဘေးစစ်ဒဏ်ကဲ့သို့ပင် လောကလူ့ရွာကို ခြိမ်းခြောက်နေ သည်မှာ ရာသီဥတုနှင့် သဘာဝဘေးဒဏ်ဖြစ်ပါ၏။ ရေကြီး၊ မိုးခေါင်၊ လေပြင်းကျ မုန်တိုင်းထန်၊ အပူလွန် အအေးလွန်၊ ငလျင်လှုပ်၊ မြေပြို၊ မြစ်ရေခန်း၊ တောမီးကြီးများလောင်ကျွမ်း အစ ရှိသော သဘာဝဘေးဒဏ်အမျိုးမျိုးကို ကြုံတွေ့နေရ၏။ ထို့ပြင် ရာသီဥတုဖောက်ပြန်မှုကို အခြေခံကာ ပေါ်ပေါက်လာသည့် အစာရေစာရှားပါးလာမှုနှင့်အတူ ရောဂါဘယအသစ်အဆန်း များ ကူးစက်ရောဂါပိုးအသစ်အဆန်းတို့ကို ရင်ဆိုင်နေရ၏။

မြန်မာတို့ ဘုရားရှိခိုးတိုင်း ကင်းဝေးရပါစေကြောင်း စိုးရိမ် စိတ်ဖြင့် ဆုတောင်းရသည့် ကပ်သုံးပါးကို တစ်မျိုးစီကြားနေရ သကဲ့သို့။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး အရှင် ဝိစိတ္တ သာရာဘိဝံသ၏ ဟောစဉ်တရားတော်များတွင်ပါသည့်... ။

 “သတ္တဝါတို့ ဒေါသအားကြီး၍ တုတ်၊ ဓား၊ လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ် ထိုးနှက်သတ်ဖြတ် သေကျေပျက်စီးတဲ့အချိန် ပိုင်းကို သတ္ထန္တရကပ်...

“မောဟထူပြော၍ မလုပ်သင့်တာတွေလုပ်၊ မစားသင့်တာ တွေစား၊ ဣရိယာပထ အပြုအပြင် အဆင်အခြင်ကင်းမဲ့ကုန်တော့ မရောက်သင့်တဲ့ ကပ်ရောဂါများရောက်ပြီး သေကျေ ပျက်စီးရတဲ့ ရောဂန္တရကပ်..”

“သတ္တဝါတွေ လောဘအားကြီးရင် အစာရေစာ ခေါင်းပါး တယ်၊ အဲဒီလို ခေါင်းပါးလို့ ပျက်စီးဆုံးရှုံးရတဲ့ ဒုဋ္ဌိက္ခန္တရကပ်... ဟူသည့် ကပ်သုံးပါး လူ့ဘောင်လောကတစ်ခုလုံးကို အနီးကပ် လာရောက်ခြိမ်းခြောက်နေသည့်အလား ဖြစ်ပါသည်။ ။

လူသားတို့သည် သဘာဝကို အန်တုကာ ရှင်သန်အောင် ရုန်းကန်ကြရင်း တိုးတက်မြင့်မားသည့် လူမှုလောကကို နှစ်ပေါင်း သန်းပေါင်းများစွာ တဖြည်းဖြည်းချင်း ထူထောင်ခဲ့ကြသည်။ ယခုအခါတွင်လည်း အဆိုပါကပ်ကြီးများကို ကျော်လွှားနိုင်အောင် စွမ်းအားရှိသမျှ အားထုတ်နေကြဆဲဖြစ်၏။ စစ်ပွဲများ ကိုဖန်တီးရင်း အတ္တပေါ် အခြေပြုနေကြသူများ၊ ကိုယ်ကျိုး စီးပွားကိုသာ မြင်ကြသူများ မည်သို့ပင်ရှိရှိ လူသားအများစုက စစ်ပွဲများရပ်ဆိုင်းရေး၊ အဏုမြူလက်နက်များ လျှော့ချဖျက်သိမ်းရေး၊ စေ့စပ် ဆွေးနွေးကြခြင်းဖြင့် ငြိမ်းချမ်းရေးကို အရယူရေး အစရှိသည့် လုပ်ငန်းဆောင်တာများကို ကြိုးပမ်းနေကြသည်။

ရောဂါပိုးမွှားမျိုးစုံတို့၏ရန်ကို ကျော်လွှားနိုင်ရန်အလို့ငှာ နိုင်ငံတကာပညာရှင်များ စုပေါင်းတိုင်ပင်ကာ ဆေးဝါးနှင့် နည်းလမ်းမျိုးစုံ ရှာဖွေနေကြသည်။ ရာသီဥတုကို ပြန်လည် ထိန်းသိမ်းကြရန် အစာရေစာတို့ကို လုံလောက်မျှတနိုင်မည့် နည်းလမ်းများကိုလည်း လူမျိုးစုံ၊ နိုင်ငံစုံ၊ ပညာရှင်အစုံစုံက ရှာဖွေအားထုတ်နေကြသည်။ လူတစ်ဦးချင်းစီကလည်း ရောဂါဘယ အလွယ်တကူ မဆိုက် ရောက်အောင် အသိဉာဏ်ပညာဖြင့် မိမိကိုယ်ကိုယ် စောင့်ရှောက်ကြရပါသည်။ သန့်ရှင်းစွာ နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မကူးစက်အောင် အကာအကွယ် ဖြင့်နေခြင်း၊ ကိုယ်ခံအားကောင်းမွန်အောင် ဂရုတစိုက်ဖြင့် သတိ ဖြင့် နေထိုင်ခြင်းတို့ဖြင့်လည်း ထိန်းသိမ်းကြရပါသည်။

အခြားတစ်ဖက်တွင်ကား မည်သည့် ယုံကြည်မှုများတွင် မဆို ရှိသည့် အဆုံးအမအတိုင်း လူသားတို့ကြား လောဘနည်းပါးအောင်၊ ဒေါသပါးလျားအောင်၊ အမှန်ကိုသိမြင်ကာ မောဟ ပပျောက်အောင် တစ်ဦးချင်းအနေဖြင့်လည်း သတိထားပြုပြင် ကြခြင်းဖြင့် သာယာငြိမ်းချမ်း ကပ်ဘေးကင်းသည့် လောက ကို တည်ဆောက်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့အပ်ပါသတည်း။ ။