Skip to main content

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၂၄
 
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။
 
ယင်းသို့ပြင်ဆင် ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေ များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
 
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၅၃ ဦးအားလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၅ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၀၀ ဦးနှင့် အမျိုးသမီး ၁၇၄ ဦး စုစုပေါင်း ၃၇၄ ဦးအား လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၅၂ ဦးနှင့် အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၆၉ ဦးအား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၈ ဦးအား လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်းနှင့် ယနေ့တွင် ကျန်းမာရေးကောင်းမွန်လာသည့် စောင့်ကြည့် လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား သက်ဆိုင်ရာ ရပ်ကွက်များသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
 
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်