မိုးတွင်းကာလ ရေကြီးရေလျှံမှုသည် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ နှစ်စဉ်လိုလို ဖြစ်လာခဲ့သည်။ မုတ်သုံလေအားကောင်း၍ မိုးရွာသွန်းမှု များပြားသည့်အခါ မြစ်ချောင်းများအတွင်း ပုံမှန်ထိန်းနိုင်သည့် ရေပမာဏထက် အများအပြားကျော်လွန်ပါက ရေကြီးရေလျှံမှု ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်တို့တွင် နှစ်စဉ်လိုလို ရေကြီးမှုဖြစ်ပေါ်သည့်အခါ မြေအနေအထားကို လိုက်၍ အနိမ့်ပိုင်းဒေသတို့မှာ ရေကြီးရေလျှံမှုကို ခံစားကြရသည်။
မြစ်ကြီးများတွင် ရေကြီးရေလျှံမှုမှာ တဖြည်းဖြည်းချင်း ရေမျက်နှာပြင် မြင့်တက်လာခြင်း ဖြစ်သဖြင့် အချိန်မီရှောင်တိမ်းနိုင်သော်လည်း တောင်ကျချောင်းငယ် မြစ်ငယ်များတွင် တောင်ပေါ်ဒေသ မိုးများပါက ရုတ်တရက်တောင်ကျရေစီးဆင်းပြီး ရေကြီးမှုနှင့် နောက် ဆက်တွဲ မြေပြိုမှုများမှာမူ ရှောင်တိမ်းရန် အချိန်လွန်စွာနည်းပြီး အန္တရာယ်လည်း ကြီးမားလှသည်။ မည်သို့ပင်ဆိုစေကာမူ ရေကြီးရေလျှံမှု အန္တရာယ်မှာ နှစ်စဉ်မုတ်သုံရာသီ မိုးရွာသွန်းမှုများပြား ချိန်တွင်သာ ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျပြုလုပ်ထားခြင်း အားဖြင့် ကျရောက်လာနိုင်ဖွယ်ရှိသည့် အန္တရာယ်များမှ ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။ လက်ရှိ ကာလ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေသည့် အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၊ စောင့်ကြည့်ရေးစင်တာများ၊ ဆေးရုံများ တည်ရှိမှုနေရာကို လိုက်၍ ရေကြီးရေလျှံမှု အန္တရာယ် ကြိုတင်ကာကွယ်ရန် လိုအပ်မည့်နေရာများတွင် ကြိုတင်အစီအမံများ ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။
ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "Weather Forecast အရ လာမယ့်နောက်ဆုံးအပတ် လောက်ကနေ စပြီးတော့ မိုးတွေပိုများလာဦးမယ့် သဘောတွေရှိတယ်။ အဲဒီတော့ ဆေးရုံထဲမှာ လည်းရေတွေမလျှံအောင် ဆေးရုံတွေရေမလျှံအောင်၊ ရေမဝင်အောင်၊ ရေစီးရေလာ ကောင်းအောင် အဲဒါတွေလည်း လုပ်ပေးထားပေါ့။ ဖြစ်လာရင် လူနာတွေရွှေ့ထုတ်ရတာ တော်တော်ခက်ပါတယ်။ တော်တော်အန္တရာယ်များပါတယ်။ လုပ်ရ ကိုင်ရတာ တော်တော်လေး လက်ဝင်ပါတယ်။ လူကောင်းတွေ တွေ့ရတာ ကိစ္စမရှိဘူး။ လူမမာတွေ ရွှေ့ရတာကျတော့ တော်တော်ကို ဒုက္ခသုက္ခရောက်နိုင်တယ်။ ဒါကြောင့် ဆေးရုံနဲ့တ်သက်ရင် ရေပိတ်နိုင်တဲ့ ကိစ္စတွေ၊ မြောင်းတွေ ပိတ်နေတာတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ ရှိနေတာတွေ၊ အမှိုက်သရိုက် တွေ မရှိအောင် ဒါလေးတွေ အကုန်လုံးရှင်းပေးထားပါ။ နောက်တစ်ခါ သွားဖို့လာဖို့အတွက် လမ်းတွေကိုလည်း ဂရုတစိုက်ကြည့်ပေးထားဖို့ ပြောလိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပတ်သက်ရင်လည်း အမြဲတမ်းပြင်ထားပါ။ မိုးမကုန်မချင်းကတော့ တန်းမဖြုတ်ဖို့ ကျွန်တော် ပြောလိုပါတယ်” ဟူ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့သည်။
မိုးရာသီ ရေကြီးရေလျှံမှု လျော့နည်းရန်၊ ကြိုတင်ကာကွယ်နိုင်ရန်မှာ ရေရှည်တွင် မြစ်ကြောင်း များ ထိန်းသိမ်းခြင်း၊ မြစ်ဖျားဒေသများတွင် သစ်တောများပြုန်းတီးမှု ပြန်လည်ထိန်းသိမ်းခြင်း၊ ရွှေနှင့်သတ္တုများ တူးဖော်ခြင်းတို့ကို တားဆီးခြင်း၊ မြစ်ရေစီးကြောင်းကောင်းမွန်ရေးအတွက် သဲသောင်များ တူးဖော်ရှင်းလင်းခြင်း၊ မြစ်ကမ်းဘေး တာရိုးများ တည်ဆောက်ခြင်း စသည်တို့ကို ပြုလုပ်ရမည်ဖြစ်ရာ လုပ်ငန်းပမာဏကြီးမားသည့် လုပ်ငန်းများပင် ဖြစ်သည်။ လတ်တလော တွင်မူ ရေကြီးရေလျှံဖြစ်ပေါ်သည့် ရာသီသို့ရောက်ရှိတိုင်း ကြိုတင်ပြင်ဆင်မှုများဖြင့် သဘာဝ ဘေးအန္တရာယ်မှ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲဆောင်ရွက်ကြရမည်သာ ဖြစ်ပါကြောင်း။ ။