Skip to main content

မြန်မာ့ရိုးရာတိုင်းရင်းဆေးဖြင့် ကုသရေးကြိုးပမ်း

 

သက်ရှိတို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာတည်းဟူသော ရုပ်ပေါင်းရှစ်ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထိုရုပ်ရှစ်ခုတို့သည် တစ်ခုနှင့်တစ်ခုခွဲခြား၍မရစကောင်းဟု ဆိုသည်။ ကမ္ဘာလောကတစ်ခုလုံးတွင် ဤရုပ်ရှစ်ခုအပေါင်းသည် အခြေခံအကျဆုံးရုပ်အစုများ ဖြစ်သည်။ သစ်ပင်၊ တောတောင်၊ ရေမြေ၊ တိရစ္ဆာန်တို့မှစ၍ သက်ရှိ၊ သက်မဲ့ ရုပ်ဓာတ်မှန်သမျှသည် ဤရှစ်မျိုးဖြင့် အခြေခံအကျဆုံးပေါင်းစည်း ဖြစ်ပေါ်နေကြသည်။

 

ဒေသနာဆေးပညာတွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါး သည် ခန္ဓာကိုယ် ရပ်တည်နိုင်မှု အစုအဝေးဖြစ်သည်။ အဆိုပါဓာတ်ကြီးလေးပါး မျှတနေလျှင် လူ၏ခန္ဓာကိုယ်သည် ကျန်းမာရွှင်လန်းလျက်ရှိသည်။ အဆိုပါ ဓာတ်ကြီးများ ဖောက်ပြန်လာလျှင် ရောဂါဝေဒနာ ဖြစ်တော့သည်။ ရုပ်၌ ကျရောက်သော ၉၆ ပါးသော ဝေဒနာတို့သည် ဓာတ်ကြီးလေးပါးမဟာဘုတ် တရားတို့ကြောင့် “ဖြစ်၊ တည်၊ ပျက်” ပြုလုပ်နိုင်ပေသည်။ ဤမဟာဘုတ်တရားတို့သည် သက်ရှိ သတ္တဝါတို့ကို မဆိုထားဘိ သက်မဲ့ဖြစ်သောအရာဝတ္ထုတိုင်းကိုပင် ဖြစ်၊ တည်။ ပျက် ပြုလုပ်လျက် ပြုပြင်ပြောင်းလဲလျက်ရှိသည်။ ။

 

ဓာတ်ကြီးလေးပါးတို့ မျှခြေပြု ဖြစ်တည်နေသော သတ္တဝါတိုင်း၊ ပုဂ္ဂိုလ်တိုင်း၌ ပြင်ပ ပယောဂတစ်ခုခု ကျရောက်မှုကြောင့် “ကံ၊ စိတ်၊ ဥတု၊ အာဟာရ”ကို အကြောင်းပြုကာ ရောဂါဝေဒနာ အနာဖြစ်ပေါ်လာသည်။ သတ္တဝါတို့၌ ဖြစ်ပေါ်လာသော အနာရောဂါတို့အား ဗုဒ္ဓ၏အဘိဓမ္မာကိုအခြေခံ၍ မြန်မာ့လူနေမှုစနစ်နှင့် ကိုက်ညီသော၊ ရိုးရာဓလေ့နှင့်စပ်ဟပ်သော ဒေသနာဆေးပညာရပ် ပေါ်ပေါက်လာခဲ့သည်။ ဒေသနာနယသည် မြတ်ဗုဒ္ဓဟောကြားသော နည်းဥပဒေကိုမှီငြမ်းပြုလျက် တီထွင်ထားသော ဆေးပညာဖြစ်သည်။ ဒေသနာဆေးပညာသည် ကုန်းဘောင် ခေတ်နောက်ပိုင်း ထင်ရှားလာသော ဆေးပညာဖြစ်သည်။ ဒေသနာဆေးပညာသည် တိုင်းရင်းဆေးပညာစစ်စစ်ဖြစ်သည်။

 

မြန်မာ့တိုင်းရင်းဆေးပညာသည် အများပြည်သူ အစဉ်အဆက် အားကိုး အားထားပြုလာသော ပညာရပ်ဖြစ်သည်။ တိုင်းရင်းဆေးပညာကျမ်းများတွင် ရှေးယခင်ကတည်းက အဖျားရောဂါနှင့် ပတ်သက်၍ ကုသနိုင်ခဲ့သော တိုင်းရင်းဆေးဝါး အမြောက်အမြားရှိသည်။ မာဓဝေနိဒါန်းဆေးကျမ်းတွင် ဝိသမအဖျား အမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင်သော တိုင်းရင်းဆေးဖုံဖြင့် ဖော်စပ်အသုံးပြုထား သည်ကို တွေ့ရသည်။ ယခုအချိန်အခါတွင် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများတွင် အဖျားရောဂါကို အခြေခံသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည်။ ထိုရောဂါကို အနောက်တိုင်းဆေးဝါးများဖြင့် ကုသလျက်ရှိပြီး ဒေသနာအလိုအားဖြင့် ဓာတ်ကြီးလေးပါး နှင့်မကင်းဘဲ ဖြစ်ပွား နေခြင်းသာဖြစ်သည်။ ထိုရောဂါသည် ကူးစက်မြန်ရောဂါဝေဒနာ ဖြစ်သောကြောင့် အလျှင်းပျောက်ရန် မလွယ်ကူသော အခြေအနေဖြစ်သည်။

 

ကံ၊ စိတ်၊ ဥတု၊ အာဟာရကို အကြောင်းပြု၍ ဖြစ်ပေါ်နေသော ကပ်ရောဂါ အမျိုးမျိုးတို့သည် ဤကမ္ဘာလောကတွင် ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် ကုသရေးဆေးနည်းအဖုံဖုံ တို့ကို တီထွင်ကြံဆနေကြရသည်။ နိုင်ငံတကာတွင်လည်း ဆေးဖက်ဝင်အပင်များဖြင့် ကိုဗစ်-၁၉ ရောဂါတွင် အသုံးပြုရန် သုတေသနပြုလုပ်နေသည်ကို တွေ့ရသည်။ ကပ်ရောဂါ တစ်မျိုးမဟုတ်တစ်မျိုး တို့ကို ရေရှည်ကာကွယ်ကုသရန်အတွက် မြန်မာနိုင်ငံတွင်လည်း အစဉ်အလာ ကြီးမားသော တိုင်းရင်းဆေးပညာဖြင့် ဆေးသုတေသနဦးစီးဌာနနှင့် တပ်မတော် ဆေးသုတေသနတပ်တို့က ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။

 

တိုင်းရင်းဆေးဝါးများကို အသုံးပြုရာတွင် လူနာအတွက် စိတ်ချရေးသည် အရေးကြီး၍ နည်းစနစ်ကျန စမ်းသပ်သုတေသန ပြုလုပ်လျက်ရှိသည်။ အကျိုးသက်ရောက်မှုရှိပါက ပြည်သူများအတွက် အမြောက်အမြား ထုတ်လုပ်ပေးနိုင်လျှင် တိုင်းပြည်အတွက် လွန်စွာအကျိုးရှိမည်ဖြစ်သည်။ ရေရှည်တွင် ဆေးခါးကြီးကဲ့သို့ ဆေးဖက်ဝင်အပင်များ၊ ကုန်ကြမ်းများ လုံလောက်ရန်အတွက် ဆေးပင်များကို အဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည်။ ဆေးခါးကြီးအပင်များကို တိုင်းရင်းဆေးပညာ ဦးစီးဌာနရှိ ပရဆေးဥယျာဉ်ရှစ်ခု၌ စိုက်ပျိုးထားသည်။

 

သို့ဖြစ်ရာ ဗုဒ္ဓဟောကြား ဒေသနာတရားများနှင့်အညီ ပေါ်ပေါက်လာသော အစဉ်အလာကြီးမားသည့် မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာဖြင့် ပြည်သူများ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရာ၌ ယနေ့လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကဲ့သို့ ကျရောက်လာနိုင်မည့် ရောဂါဘေး အမျိုးမျိုးတို့ကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် တစ်ဖက်တစ်လမ်းမှ ကာကွယ်ကုသနိုင်အောင် ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုလိုက်ရပါကြောင်း။ ။