ပုဂံသည် မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ် (World Heritage)အဖြစ်လည်း သတ်မှတ်ခံထားရသည့် ဒေသဖြစ်သည်။ ပုဂံထက်စော၍ ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ကို ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်များပင်ဖြစ်သည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)သည် ကမ္ဘာ့လူသားများ အားလုံးက တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရမည့် သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာများကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံနှင့် လူမျိုးအသီးသီးတို့၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို ဖော်ထုတ်မှတ်တမ်းတင်ပြီး နှစ်နှစ်လျှင်တစ်ကြိမ် ကမ္ဘာ့အမွေ အနှစ်များအဖြစ် အသိအမှတ်ပြု ကြေညာပေးလျက်ရှိသည်။ ၁၉၇၂ ခုနှစ်က စတင်ခဲ့သည့် ယင်းအစီ အစဉ်တွင် နိုင်ငံအသီးသီးတို့က အဆိုပြုတင်သွင်းလာသည့် အမွေ အနှစ်များကို ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များ (Outstanding Universal Value - OUV) များနှင့် တိုင်းတာ၍ ကိုက်ညီမှုရှိသည့် နေရာဒေသများကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ ယင်းသို့ တိုင်းတာနိုင်ရန်အတွက်လည်း ယူနက်စကိုအဖွဲ့မှ တာဝန်ရှိသူများနှင့် ပညာရှင်များကိုယ်တိုင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ် ချက် (OM) များနှင့် ကိုက်ညီမှုရှိမှသာ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ဝင်နိုင်ခြင်း ဖြစ်သည်။ ။
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံတွင် ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် ယူနက်စကို အစည်းအဝေး၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုဇုန် ဧရိယာဧက ၂၇၉၇ဝ ကျယ်ဝန်းပြီး လက်ရှိတွင် စေတီပုထိုးပေါင်း ၃၈ဝဝ ခန့် တည်ရှိနေသည့် ပုဂံကို ယူနက်စကိုအဖွဲ့၏ ယဉ်ကျေးမှုကော်မတီဝင် ၂၁ နိုင်ငံတို့က ကန့်ကွက်မှုမရှိဘဲ အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံ ခဲ့ရခြင်းကြောင့် ထိုစဉ်က ပုဂံဒေသခံများရော မြန်မာတစ်မျိုးသားလုံးပါ ဝမ်းမြောက်ဝမ်းသာ နှစ်ထောင်းအားရဖြစ်ခဲ့ရသည့်အပြင် ရခိုင်ပြည်နယ်ရှိ မြောက်ဦးဒေသကိုပါ ကမ္ဘာ့အမွေအနှစ် ဝင်ရေး ကြိုးပမ်းဆောင်ရွက်ရန်အတွက်ပါ အင်အားသစ်တို့ ရရှိခဲ့သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း မိုးရွာသွန်းမှုများပြားခဲ့ခြင်းကြောင့် ပုဂံဒေသရှိ ရှေးဟောင်းသာသနိက အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။ နှစ်ပေါင်းထောင်ချီ၍ သက်တမ်းရှိနေသော ပုဂံသည် ရာသီဥတု၊ သဘာဝဘေးဒဏ်နှင့် လူတို့၏အမျိုးမျိုးသော ပယောဂတို့ကို ရာစုနှစ်များစွာ ထိခိုက်ခံစား ခဲ့ရသည်။ လူတို့၏ ပယောဂများဟုဆိုရာတွင် ပုဂံရှိ ရှေးဟောင်းသာသနိက အဆောက်အအုံများ အတွင်းမှ နံရံဆေးရေးပန်းချီများကို ခွာယူခြင်းကဲ့သို့သော ဖျက်ဆီးမှုမျိုးသာမက ကိုယ့်သဘောနှင့်ကိုယ် ပြင်ဆင်ခဲ့ကြသည်များလည်း ပါဝင်သည်။ ထို့အပြင် ပုဂံမြို့ဟောင်း အတွင်း ခေတ်မီလမ်းများ ဖောက်လုပ်ခြင်းနှင့် အခြားခေတ်ပေါ် အဆောက်အအုံများ အခိုင် အမာ ဆောက်လုပ်လာခြင်းတို့အပေါ် ဝေဖန်မှုများလည်း များစွာ ရှိခဲ့သည်။
ပုဂံသည် မြန်မာတို့၏ အသည်းနှလုံး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ်လည်း ဖြစ်၍နေပြီဆိုသည်ကို သတိမူလျက် အဓွန့်ရှည်ကြာ တည်တံ့စေရန် ထိန်းသိမ်းစောင့် ရှောက်သွားကြရမည်ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခြင်းအားဖြင့် နိုင်ငံတကာမှ ပိုမို၍ စိတ်ဝင်စားမှုများ ရရှိနိုင်သလို ခေတ်မီနည်းပညာများဖြင့် ထိန်းသိမ်း စောင့်ရှောက်မှုများကို ရရှိစေသည်ဖြစ်ရာ စံတန်ဖိုးများ ယုတ်လျော့မသွားစေရေးအတွက်လည်း ဂရုပြုကြရန် လိုအပ်သည်။ အထူးသဖြင့် ပုဂံတွင် တည်ရှိနေသည့် ဘုရားပုထိုး တစ်ဆူချင်း အပေါ် ကမ္ဘာ့အမွေအနှစ် သတ်မှတ်ထားခြင်း မဟုတ်ဘဲ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကြီး တစ်ခုလုံးကို သတ်မှတ် ထားခြင်းဖြစ်သည့်အလျောက် ပုဂံမြေကို ဥပဒေအရရော၊ အမျိုးသားရေး တာဝန်အရပါ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။