နေပြည်တော် ဖေဖော်ဝါရီ ၁၉
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေဝပ်ဒေသ များနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အ စိုးရက အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံ သန်းရာ လမ်းကြောင်းကွန်ရက်နယ်မြေ- EAAF (အီးအေအေအက်ဖ် အမှတ်၊ ၁၄၇)အဖြစ် သတ်မှတ်ကြောင်း ကြေညာ လိုက်သည့် အတွက် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်း ကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေဖြစ်လာကြောင်း သိရသည်။
“ဂေဟစနစ်ဝန်ဆောင်မှုအမျိုးမျိုး ပေးစွမ်းလျက်ရှိပြီး ဘေးမဲ့တော အနီးရှိ ဒေသခံလူဦးရေ နှစ်သိန်းကျော်အား အစားအစာနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအတွက် ပံ့ပိုးပေးရာနေရာတစ်ခုဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအား မြန်မာနိုင်ငံ၏ ဆဋ္ဌမ မြောက် အရှေ့အာရှ−ဩစတြေးလျအာရှ ငှက်ပျံသန်းရာလမ်းကြောင်း အဖြစ် သတ်မှတ်လိုက်သည်ကို အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအား ယခုကဲ့သို့ အသိအမှတ်ပြု ထိန်းသိမ်းခြင်းသည် ရေပျော်ငှက်များ ရေရှည်ထိန်းသိမ်းခြင်းကိုသာမက ရေဝပ်ဒေသများ အကျိုးရှိစွာအသုံးချခြင်းကိုလည်း အထောက်အကူပြုစေနိုင် မည်ဖြစ်ပါကြောင်း၊
ယခုလို အသိအမှတ်ပြုခြင်းအောက်တွင် အစိုးရအနေဖြင့် ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကွန်ရက်နယ်မြေ ဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မှု မြှင့်တင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံအတွင်း သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကွန်ရက် ဖွဲ့စည်းတည်ထောင် နိုင်ရေးအတွက် ကွန်ရက်နယ်မြေအသစ်များ ထပ်မံ၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြား သည်။
ငှက်ပျံသန်းရာလမ်းကြောင်းအဖြစ် သတ်မှတ်ခြင်း သည် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် ရေပျော်ငှက်များ၊ ဒေသခံများ၏ အကျိုးစီးပွားတို့အတွက် ရေရှည်တည်တံ့သော အုပ်ချုပ်လုပ်ကိုင်မှု၏ အစမျှသာ ဖြစ်ပါကြောင်း၊ အရှေ့အာရှ −ဩစတြေးလျ အာရှ ရွှေ့ပြောင်း ကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်းပူးပေါင်း ဆောင်ရွက်မှု (East-Asian Australasian Flyway Partnership-EAAFP) ကွန်ရက်အကြား စောင့်ကြည့် လေ့လာခြင်း၊ အသိပညာပေးခြင်း၊ သိမြင်နိုးကြားမှုမြှင့်တင် ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သတင်းအချက် အလက်များမျှဝေခြင်း စသည့်လုပ်ငန်းစဉ်တို့အား စဉ်ဆက် မပြတ် ဆောင်ရွက် သွားရန် အရေးကြီးလှပါကြောင်း၊ EAAFP အနေဖြင့် ငှက်ပျံသန်းရာလမ်းကြောင်းရှိ ရေဝပ် ဒေသများကို ထိန်းသိမ်းကာကွယ် နိုင်ရေး မြန်မာနိုင်ငံ အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်အသင့် ရှိနေ ပါကြောင်း အမှုဆောင်အရာရှိချုပ်၊ EAAFP မစ္စတာ ဒေါက်ဝက်ကင်းက ဆိုသည်။
အင်းလေးကန်သည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းကုန်းပြင်မြင့်ပေါ်တွင် တည်ရှိသည့် ရေချိုကန်ဖြစ်ပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေကန်ကြီး ဖြစ်သည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ စုစုပေါင်း ဧရိယာသည် ၅၃၀၀၀ ဟက်တာ ကျော် ကျယ်ဝန်း၍ အင်းလေးကန်၊ စကားအင်းနှင့် မိုးဗြဲဆည်တို့ ပါဝင်သည်။ အပူပိုင်းသစ်တော၊ တောင်ပေါ်နှင့် သမပိုင်းအမြဲစိမ်း သစ်တောများစသဖြင့် သဘာဝတောနေရင်းဒေသ အမျိုး အစား စုံလင်စွာ တွေ့ရှိရပြီး အင်းစပ်တစ်လျှောက် ရွှံ့နွံ တော၊ မြေဆွေး၊ မြက်ခင်းပြင်၊ စိုက်ပျိုးမြေနှင့် အခြားအမျိုး အစားများကိုလည်း တွေ့ရှိနိုင်သည်။
အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောသည် အရှေ့အာရှ− ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက် ဆောင်းခို ရေပျော်ငှက်မျိုးပေါင်း ၇၅ မျိုးကျော်၏ အကောင်ရေ ၂၀၀၀၀ ကျော်တို့အတွက် ရပ်နားရသည့်အရေးပါသည့် နားခိုရာနေရာတစ်ခုဖြစ်သည်။ ၎င်းမျိုးစိတ်တို့အနက် ခြိမ်းခြောက်ခံ ဆောင်းခိုရေပျော်ငှက်များကို မှတ်တမ်းတင် ထားပြီဖြစ်ပြီး ယင်းတို့မှာ ဘဲပို့ချပ်ခေါင်းစိမ်း (မျိုးသုဉ်းရန် လုံးဝ အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်)နှင့် ကြိုးကြာခေါင်းနီ (မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်) တို့ဖြစ်ကြသည်။ ထို့အပြင် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ငှက်ပျံသန်းရာလမ်းကြောင်းတွင် ပါဝင်သော မျိုးစိတ်များ၏ ကောင်ရေ ၁ ရာခိုင်နှုန်းကျော် တွေ့ရှိရသည့် မျိုးစိတ်များမှာ ရေကြက်ဒုံ၊ တင်ကျီး၊ ခရုပ်စုတ်အနက်၊ ဒေါင်းလန်းခြေထောက်၊ ခရုတုတ်နှင့် စင်ရော်ခေါင်းညိုတို့ ဖြစ်ကြသည်။အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဒေသမျိုးရင်းငါးများအတွက် အရေးပါပြီး အထူးသဖြင့် ငါးဖိန်း (Cyprinus intha) ၏ နေရင်းဒေသဖြစ်သည်။ ငါးဖိန်းသည် အင်းသားတို့၏ လူမှုစီးပွားအတွက်သာမက ယဉ်ကျေးမှုအမှတ်အသားပြယုဂ်တစ်ခု ဖြစ်သည်။
အဖိုးတန်လှသော ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် အင်းလေးကန် တောရိုင်း တိရစ္ဆာန်ဘေး မဲ့တောအား သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ယူနက်စကို လူသားနှင့် ဇီဝ အဝန်းနယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်း ကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရမ်ဆာဒေသအဖြစ်လည်းကောင်း သတ်မှတ်ခြင်း ခံထားရပြီးဖြစ်သည်။ Flyway Network Site အဖြစ် မြန်မာ နိုင်ငံတွင် အင်းလေးကန် အပါအဝင် ခြောက်ခု (မိုးယွန်း ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာ ကျွန်းနှင့် မေယုကျွန်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်