Skip to main content

မြန်မာနိုင်ငံသားအခက်အခဲရောက်နေတဲ့ ဒုက္ခသည်အဖြစ်နဲ့ ကျွန်တော်တို့ကို မြန်မာနိုင်ငံထဲ ထိရောက်အောင် ပို့ပေးမယ်ဆိုတဲ့ သတင်းကိုကြားတော့ ကျွန်တော်တို့ အတိုင်းထက်အလွန် အင်မတန်မှ ဝမ်းသာပါတယ်

 

မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံသား ၁၇ ဦး အမြန်ဆုံးနေရပ် ပြန်နိုင်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများနှင့် လိုအပ်သည့်ညှိနှိုင်းစစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ၎င်းတို့၏ ဝမ်းသာပီတိစကားသံများကို အောက်ပါအတိုင်းကြားရသည်။

 

သောင်းထိုက်စိုး

 

ကျွန်တော့်နာမည်က သောင်းထိုက်စိုးပါ၊ အသက်က ၃၄ နှစ်။ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လိုက်ကျေးရွာအုပ်စု သီးခြောက် ကျေးရွာမှာ နေထိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ချင်တာ ပေါ့ဗျာ။ အမေကျန်းမာရေးမကောင်းလို့ ပြန်ဆင်းဖို့ရာ သူတို့က နှစ်ပတ် အတွင်းပြန်ရမယ်ဆိုပြီး မြန်မာအေးဂျင့်ဖြစ်တဲ့ ချင်းလူမျိုး အဘွားလေး၊ တစ်ယောက်က ရဲဝင်းအောင်မြန်မာလူမျိုးပဲ။ ကျွန်တော်တို့ကို နှစ်ပတ်အတွင်း ပြန်ရမယ်။ မလေးငွေ ၃၂၀၀ သူတို့ကို ဝန်ဆောင်ခပေးရမယ် ဆိုပြီး ကျွန်တော်တို့ အဲဒီမှာ ၇ လပိုင်း ၄ရက်နေ့ရောက်တဲ့အချိန်မှာပဲ မလေးငွေ ၂၀၀ လုံး သူတို့လက်ထဲကို ပိုက်ဆံပေးခဲ့ပါတယ်။

 

ပေးခဲ့ပြီးတော့ ကျွန်တော်တို့ကို နှစ်ပတ်အတွင်း မပြန်ရရင် မင်းတို့ပိုက်ဆံ ပြန်ပေးမယ်လို့ပြောပါတယ်။ နှစ်ပတ်ပြည့်သော်လည်း နေ့ရွှေ၊ ရက်ရွှေနဲ့ ကျွန်တော်တို့ကို ရွှေ့ထားရာကနေ နှစ်လကျော်ကျော်၊ နှစ်လခွဲလောက်တိုက်ထဲကနေ ဘယ်မှသွားခွင့်မပေးဘဲ ပြန်လည်းမပို့ဘဲထားတယ်။ အဲဒီလိုဖြစ်တဲ့ အချိန်မှာ စစ်သံမှူးဗိုလ်မှူးချုပ် အေးလွင်က ကျွန်တော်တို့ကို ဆက်သွယ်ပြီးတော့မှ မြန်မာပြည် ပြန်ရောက်တဲ့အထိအောင် ကူညီပေးပါတယ်။ မြန်မာနိုင်ငံသံရုံးကိုလည်း သွားပြီးတော့မှ CIO လျှောက်ပေးတဲ့နေရာမှာလည်း ဗိုလ်မှူးချုပ် အေးလွင်ကိုယ်တိုင် လိုက်ပြီးတော့မှ ဆောင်ရွက်ပေးပါတယ်။

ကျွန်တော်တို့ကို မလေးရှားမှာ လိုအပ်သမျှအစစအရာရာ မြန်မာပြည်ပြန်တဲ့အထိရောက်အောင် လေယာဉ်ပေါ်တက်သည့်အထိအောင် ဗိုလ်မှူးချုပ်အေးလွင်က စောင့်ပြီးတော့မှ ကျွန်တော်တို့ကို ကူညီပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေပြီး စက်တင်ဘာ ၆ ရက်နေ့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ကျန်ခဲ့တဲ့ ၁၄ ယောက်ကို မြန်မာနိုင်ငံအရောက် ပြန်ခေါ်ရမယ်ဆိုတဲ့သတင်းကို ကျွန်တော်တို့ Facebook မှာ သတင်းတွေ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်ခင်ဗျ။ ဟိုကနေ ပြန်လာရတဲ့အချိန်ကနေစပြီး ကွာရန်တင်းစင်တာကို ရောက်သည့်အချိန်ထိအောင် ကျွန်တော်တို့ကို အားလုံးအစစအရာရာ တာဝန်ယူဆောင်ရွက်ပေးတဲ့အတွက်လည်း ကျွန်တော်တို့ ဝမ်းသာပါတယ်ခင်ဗျ။

 

အောင်ဆန်းလင်း

 

ကျွန်တော်က မောင်အောင်ဆန်းလင်းပါ။ မလေးရှားနိုင်ငံမှာ ရောက်တာ သုံးနှစ်ကျော်ပါပြီ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် စာဖောင်ကျေးရွာမှာ နေပါတယ်။ စစ်တွေက ပွဲစား တစ်ယောက်နဲ့ တွေ့တယ်။ ပွဲစားတစ်ယောက်နဲ့တွေ့ပြီး ပွဲစားက နှစ်ပတ်နဲ့ ပြန်ရမယ်ဆိုပြီး အာမခံပါတယ်။ ပြန်ရမယ်ဆိုတော့ ကျွန်တော်တို့ ပျော်တာပေါ့။ ဒါပေမယ့် နှစ်ပတ်ဆိုပြီး လိမ်သွားပါတယ်။ မြန်မာပြည်ကို မရောက်ခင်မှာ အခက်အခဲမျိုးစုံနဲ့ ထမင်းဆိုလည်း မဝတဝစားရပါ တယ်။ ရေဆိုတာတောင် ကောင်းကောင်းမသောက်ရဘူး။ ရေတောင်မှ ငတ်သည်အထိ ဒုက္ခမျိုးစုံ ဖြစ်ခဲ့ပါတယ်။ ။

စစ်သံမှူးက CIO စာရွက်လျှောက်ဖို့အတွက် လိုက်ပို့ပေးပါတယ်။ သံရုံးထိရောက်အောင် ကျွန်တော်တို့ကို ကူညီပေးခဲ့ပါတယ်။ အဲဒီမှာ CIO စာရွက်ထုတ်ပေးတယ်။ နောက်ပြီး ကျွန်တော်တို့ကို ဆေးစစ်ဖို့နဲ့ အစစအရာရာအကုန်လုံး မြန်မာနိုင်ငံရောက်အောင်အထိ လဝက ရုံးသွားတဲ့အခါမှာလည်း စစ်သံမှူး ကိုယ်တိုင်လာပြီးတော့ အစအဆုံးထိအောင် ကူညီပေးပါတယ်။ မြန်မာနိုင်ငံသား အခက်အခဲ ရောက်နေတဲ့ ဒုက္ခသည်အဖြစ်နဲ့ ကျွန်တော်တို့ကို မြန်မာနိုင်ငံထဲထိ ရောက်အောင် ပို့ပေးမယ်ဆိုတဲ့ သတင်းကိုကြားတော့ ကျွန်တော်တို့ အတိုင်းထက်အလွန် အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ဝမ်းသာလွန်းအားကြီးလို့ ထမင်းတောင် မစားနိုင်ဘူး။

 

လေယာဉ်နဲ့ခေါ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ တာဝန်ရှိသူများ၊ ကျေးဇူးတင်ထိုက်သူ အကုန်လုံးကို အလွန်ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံရောက်တော့ မိသားစုနဲ့ အမိအဖ ဆွေမျိုး အသိုင်းအဝိုင်းများကို တွေ့ရတော့မယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်။ ဒီထက်မက ဝမ်းသာတဲ့အရာမရှိတော့ပါဘူး။ ကိုယ့်နိုင်ငံထဲထိ ရောက်အောင် ကူညီပေးခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ ကျေးဇူးတင်ထိုက်တဲ့ လူအားလုံးကို ဒီနေရာကနေပြီး ကျေးဇူး အထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

 

သတင်းစဉ်