မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ တတိယလှိုင်းဖြစ်ပွားစအချိန်အခါက ဖြစ်ပွားနှုန်း ၄၀ရာခိုင်နှုန်းခန့်အထိ ဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲဆောင်ရွက်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုအခါတွင် ဖြစ်ပွားနှုန်း ၁၀ ရာခိုင်နှုန်းအောက်သို့ တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရသည်။ ရောဂါ ကူးစက်ဖြစ်ပွားနှုန်း မျှော်မှန်းထားသည့်အတိုင်း အတိုင်းအတာတစ်ခုအထိလျော့ကျမှသာ ပြည်သူတို့၏လူမှုစီးပွားဘဝ ပုံမှန်အခြေအနေ ရောက်ရှိလာမည်ဖြစ်သည်။ လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ယခင်နှင့်မတူ သိသိသာသာ လက်တွဲပူးပေါင်းဆောင်ရွက်လာ ကြသည်ကိုတွေ့ရသည်။ အစောပိုင်းကာလများကကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မမှန်မကန် သွေးထိုးလှုံ့ဆော်မှုများကြောင့် အထူးသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း များတွင် ရှောင်ဖယ်ခဲ့ ကြသည့်အပြင် မသမာသူများက ပြည်သူများကြောက်ရွံ့ ထိတ်လန့်အောင် နှောင့်ယှက်ဖျက် ဆီးမှုများကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရေးတွင် အဟန့်အတားများ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင် ပြည်သူများ မှာအမှားအမှန်ကို ခွဲခြားသိမြင်လာကြပြီး နိုင်ငံတော်နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်လာ ကြပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ကျဆင်းလာခြင်းသည် ရောဂါကွင်းဆက်ကို ဖြတ်ချနိုင်သောကြောင့် ဖြစ်သည်။ လူအများထိ တွေ့ဆက်ဆံမှုများကို လျှော့ချခြင်း၊ လူဝင်လူထွက်များကို စနစ်တကျစစ်ဆေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးမှုများကို ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်နိုင်ခြင်း၊ အသိပညာပေးမှုများကို အလျဉ်မပြတ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူများ ရောဂါကာကွယ်ရေးစည်း ကမ်းများကို လိုက်နာ ခြင်းတို့ကြောင့်ဖြစ်သည်။ အထူးသဖြင့် ရုံးပိတ်ရက်ရှည်ကာလများကို တစ်ပတ်ပြီး တစ်ပတ် ခုနစ်ကြိမ်အထိ ပိတ်ပေးထားခြင်းတို့သည် ရောဂါကူးစက်ဖြစ်ပွားနှုန်း တဖြည်းဖြည်းကျဆင်းလာပြီး ထိန်းချုပ်နိုင်သည့်အဆင့်ရောက် ရှိလာခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းကို မျှော်မှန်းထားသည့် အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှသာလျှင် ပညာရေးအပါအဝင် အခြားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကိုအင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် ကလေးငယ်များမှာ စာသင်ကျောင်းများနှင့် ဝေးကွာလျက်ရှိသည်။ ကလေးငယ်များမှာ ကျောင်းများပြန်လည်ဖွင့် လှစ်ရေးကို မျှော်လင့်နေကြသည်။ ကျောင်းများ မဖွင့်လှစ်နိုင်ခြင်းသည် ကလေးငယ်များ၊ လူငယ်လူရွယ် များအတွက် ဘဝမျှော်လင့်ချက်ကင်း မဲ့လျက်ရှိပြီး လေလွင့်နေသော လူငယ်လူရွယ် များလည်း အမြောက်အမြားရှိသည်။ ကျောင်းမနေနိုင်သည့် ကလေးငယ်များလည်း ရာခိုင်နှုန်းများစွာ ရှိနေဆဲဖြစ်သည်။ ကျောင်းမတက်၊ ပညာမသင်ကြားရသဖြင့် ပြင်ပသို့ရောက်ရှိသွားသော ကလေးသူငယ်လူငယ် လူရွယ်များ၏ ဘဝရှေ့ရေး များစွာထိခိုက်နိုင်သည်။ ထို့ကြောင့် ကျောင်းများ မြန်မြန်ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက်ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအရေးကြီးသည်။ ပြည်သူ အားလုံးက ကိုဗစ်-၁၉ စည်းကမ်းများ ကိုလိုက်နာပြီး ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်။ မကြာမီ ကိုဗစ် -၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်၊ ထိန်းချုပ်နိုင်မည်ဖြစ်၍ ပညာရေးအပါအဝင် ကဏ္ဍအားလုံး ပုံမှန်လည်ပတ်နိုင် တော့မည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသက်အရွယ်ကြီးသူများ၊ ရောဂါအခံ ရှိသူများအနေဖြင့် ပိုမိုဂရုစိုက်ကြရမည်ဖြစ်သည်။ ကိုဗစ်ရောဂါသာမက ရေရှည်တွင် အခြားရောဂါများလည်း မဖြစ်ပွားအောင် ကျန်းမာရေးကို အထူးဂရုစိုက်ကြရ မည်ဖြစ်သည်။ ကျန်းမာမှသာ မိမိတို့လုပ်ဆောင်စရာများကိုအချိန်ရှိခိုက်လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ရောဂါဖြစ်ပွားမှုတွင် တစ်ကမ္ဘာလုံးအတိုင်း အတာအရ လူကြီးများ ထက်စာလျှင် ကလေးသူငယ် လူငယ်များမှာ ရောဂါကိုခံနိုင်ရည်ရှိကြသည်။ သေဆုံး မှုနည်းပါးကြသည်။ ရောဂါဖြစ်လျှင်လည်း ဆိုးဆိုးရွားရွား မဖြစ်ဘဲ ပြန်လည်ကောင်း မွန်လာတတ်သည်။ ထို့အပြင် ကာကွယ်ဆေးထိုးထားလျှင်လည်း ရောဂါဖြစ်ပွားမှု ဒဏ်ကို ငါးဆမျှ ခံနိုင်ရည်ရှိကြသည်။ ထို့ကြောင့် ရောဂါကာကွယ်ရေးနှင့် ကလေးသူငယ်လူငယ်လူရွယ်များ ပညာသင်ကြားရေးတို့ကို လျင်လျင်မြန်မြန်ဆောင်ရွက် ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာလူမှုဘဝ မျှော်လင့်ချက်များ မဆုံးရှုံးစေရေးအတွက် ရောဂါကာကွယ်။ ထိန်းချုပ်ရေးကို အလေးထားလုပ်ဆောင်၍ ကဏ္ဍအလိုက် ပုံမှန်ပြန်လည် လည်ပတ်အောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံအနာဂတ်၊ ပိုမိုကျယ်ပြန့်သော ပညာရေးကဏ္ဍ ပြန်လည်အသက်ဝင်လာအောင်ကျန်းမာ ရေးစည်းကမ်းများ၊ ရောဂါကာကွယ်ရေးနည်းလမ်းများ ကို အလေးထားလိုက်နာဆောင်ရွက်ပြီး ပြည်သူများ၏ ဘဝတိုးတက်ရေးကို မျှော်မှန်းထားသည့်အတိုင်း အကောင်အထည်ပေါ်ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။ ။