Skip to main content

ရန်ကုန်တိုင်းအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ အများပြည်သူ ထိခိုက်သေကျေစေရန်ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်သူများကို ဖမ်းဆီးရမိ

 

နေပြည်တော်၊ စက်တင်ဘာ- ၂၂

 

ဩဂုတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၄၄)လမ်း၊ တိုက်အမှတ်(၁၆)၊ (၃)လွှာ၌ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများသိုဝှက်ထားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေရာ တိုက်ခန်းအတွင်းမှ ဝေဖြိုးအောင်၊ သီဟကောင်းဆက် နှင့် ပိုးကျော့ကျော့ခန့် တို့အား လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ဗြောက်အိုးထုပ်များ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့မှုဖြစ်စဉ်အား သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

 

အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော တရားခံများ၏ထွက်ဆိုချက်နှင့် တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် လသာမြို့နယ်၊ (၆)ရပ်ကွက်၊ ၂၂ လမ်း၊ တိုက်အမှတ်(၃၆)၊ (၆)လွှာအား ဝင်ရောက်ရှာဖွေခဲ့ရာ သော်ဇင်စိုး၊ ကျော်နိုင်အောင်(ခ) အဇဲနှင့် မင်းဖြိုးသော်တို့ ၃ ဉီးအား လက်လုပ်သေနတ် ၂ လက်၊ ၉ မမ ကျည် ၂ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး၊ အသံဗုံးမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ် ပစ္စည်း ၂၃ မျိုးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၁၆၀၀ နာရီခန့်တွင် လမ်းမတော် မြို့နယ်၊ (၇)ရပ်ကွက်၊ လမ်းမတော်လမ်း၊ တိုက်အမှတ်(၅၃)ဘေးလမ်းကြား၌ အောင်မျိုးသူ (ခ)သာဂိအား လက်ပစ်ဗုံး ၃ လုံးနှင့်လည်းကောင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်း၊ ပညာပါရမီ ရိပ်သာ၊ အခန်းအမှတ်(၁၀၁)၌ ထက်ဆွေဖြိုး၊ စိုးသီဟမင်းနှင့် ဂျိုးဇက်ဗန်လျန်မှုန်(ခ) ဂျိုးဇက် တို့ ၃ ဦးအား ၉ မမ ကျည် ၁၀ တောင့်၊ ၅.၅၆ ကျည် ၁ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ နေသွေး၊ ကျော်ကိုကို၊ ကျော်မင်းထွန်း တို့ ၃ ဦးအား ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်၌လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် မင်းမင်းစိုးနှင့် ဇော်ဇော်ဟန်တို့ ၂ ဦးအား ရန်ကုန်မြို့၊ အမှတ်(၃)လမ်းဆုံ စစ်ဆေးရေး ဂိတ်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

အထက်ပါဖမ်းဆီးရမိဖြစ်စဉ်များတွင် အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ပတ်သက်သူ စုစုပေါင်း တရားခံ ၁၂ ဉီးအား လက်လုပ်သေနတ် ၂ လက်၊ ၉ မမကျည် ၁၂ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ အသံဗုံးမျိုးစုံ ၁၆ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

၎င်းတို့အနက် အောင်မျိုးသူသည် KNLA တပ်မဟာ(၅)နယ်မြေအတွင်း၌ ဖောက်ခွဲ ဖျက်ဆီးရေး သင်တန်းအားလည်းကောင်း၊ မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊ မင်းမင်းစိုးနှင့် ဇော်ဇော်ဟန် တို့သည် မိုးဗြဲမြို့အနီးရှိ NLD ပါတီဝင်များဉီးဆောင်သော ကယားပြည်နယ်သပိတ် ကော်မတီမှဖွင့်လှစ်သည့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား လည်းကောင်း တက်ရောက်ခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးရမိ တရားခံများမှ မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊ မင်းမင်းစိုး၊ ဇော်ဇော်ဟန်၊ သော်ဇင်စိုး၊ ကျော်နိုင်အောင်၊ အောင်မျိုးသူနှင့်ကျော်မင်းထွန်းတို့ ၉ ဦးသည် မင်းသက်နောင်(ခ) စဒမ်ကြီး(ခ) မုတ်ဆိတ်ကြီး (ဖမ်းဆီးရန်ကျန်)၏စည်းရုံးမှုအရ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ဖွဲ့စည်းထားသော ရန်ကုန်မြို့ပြ ပြောက်ကျား တော်လှန်ရေးအဖွဲ့(Yangon Urban Guerrilla Revolution-YUG)လက်အောက်ခံ နွေဦးစစ်သည်(Spring Soldier-SS)အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

 

တရားခံ မင်းဖြိုးသော်၊ နေသွေး၊ မင်းမင်းစိုးနှင့် ဇော်ဇော်ဟန် တို့သည် မေလ ၁၀ ရက်တွင် မင်းသက်နောင်၏စေခိုင်းချက်အရ မြေနီကုန်း(မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး အား လုပ်ကြံသတ်ဖြတ်ရန်အတွက် နေအိမ်ရှေ့တွင် လက်လုပ်ဗုံး ၂ လုံးအား ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲ၍လည်းကောင်း၊ မင်းသက်နောင်၊ မင်းဖြိုးသော်နှင့် ကျော်ကိုကို တို့ သည် ဩဂုတ်လ ၂၈ ရက်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ အင်းစိန်လမ်းရှိ Idol bar အနီး မြို့နယ်လျှပ်စစ် ဓါတ်အားခွဲရုံရှေ့ ပလက်ဖောင်းပေါ်တွင် လက်လုပ်ဗုံး ၁ လုံးအား ဖုန်းဖြင့် ချိတ်ဆက် ဖောက်ခွဲ၍လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများအား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်နိုင်ရေး အတွက် NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ သော်တာအောင်မှ ချိတ်ဆက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် သော်တာအောင် သည် အဆိုပါ သင်တန်းဆင်းအဖွဲ့များ ပြန်လည်ရောက်ရှိချိန်တွင်လည်း ရန်ကုန်မြို့တွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားကာ အများပြည်သူ ထိခိုက်သေကြေစေရန်ရည်ရွယ်၍ ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ပေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

 

စိုးသီဟမင်း၊ ထက်ဆွေဖြိုးနှင့် ဂျိုးဇက်ဗန်လျန်မှုန်တို့သည် ကျော်ထက်အောင် (ဖမ်းဆီးရန်ကျန်) နှင့်ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ စိုးသီဟမင်း၏နေအိမ်၌ ဖောက်ခွဲရေးသင်တန်းဖွင့်လှစ်ကာ လက်လုပ်ဗုံး၊ လက်လုပ်မိုင်း စသည့်ဖောက်ခွဲဖျက် ဆီးရေးပစ္စည်းများ ပြုလုပ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုရန် လက်လုပ်သေနတ်ပြုလုပ်ခြင်းများအား သင်ကြား လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အစွန်းရောက်လူငယ်များအနေဖြင့် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများမှ တရားမဝင်ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏စေခိုင်းချက်အရ မြို့နယ် အချို့တွင် ပြည်သူလူထုအား ထိခိုက်ပျက်စီးစေရန်၊ မြို့ရွာတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်ခြင်း မပြုနိုင်စေရန် ရည်ရွယ်ကာ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အုပ်ချုပ်ရေးမှူးများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိကြောင်း၊ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့်ချိတ်ဆက်၍ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ လက်နက်/ခဲယမ်းများ စုဆောင်းခြင်း၊ အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန် လူစုဆောင်းခြင်း များကိုပါ ပြုလုပ်လာသောကြောင့် အကြမ်းဖက်သူများ ခိုအောင်းနေထိုင်လှုပ်ရှားမှု မရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

 

အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဉပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်း ခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့/ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းစဉ်