Skip to main content

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်း ကျင်းပ

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရလွယ်ကူမှု အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းအညွှန်းကိန်းဆိုင်ရာအထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်ထားထား (ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)နှင့် Zeya & Associate Co.,Ltd. Chairman/CEO ဦးဇေယျသူရမွန် (ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်) တို့က ပါဝင်ဆွေးနွေးခဲ့သည်။

ယမန်နေ့မှအဆက်

အစီအစဉ်မှူး ။ ။ Enforcing Contract Indicator ဆိုင်ရာအထောက်အကူပြု အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ Ease of Doing Business အခြေအနေ အလားအလာကို ဘယ်လိုများ မျှော်လင့်ထားပါသလဲ။

ဒေါ်ထားထား ။ ။ Enforcing Contract Indicator နဲ့ ပတ်သက်လို့ ၁၈ မှတ်ပေးထားပါတယ်။ တရားရုံးဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းက ၅ မှတ်၊ မှုခင်းစီမံခန့်ခွဲမှုက ၆ မှတ်၊ နည်းပညာသုံး တရားရုံးက ၄ မှတ်၊ အငြင်းပွားမှုကို အခြားနည်းဖြင့် ဖြေရှင်းဆောင်ရွက် ခြင်းကို ၃ မှတ် ပေးထားပြီး စုစုပေါင်း ၁၈ မှတ်မှာ အခုကျွန်မတို့က ၄ မှတ်ပဲ ရပါသေး တယ်။ အဲဒီတော့ ဆောင်ရွက်စရာတွေ အများကြီးကျန်ပါသေးတယ်။

ဆောင်ရွက်မယ့် လုပ်ငန်းလုပ်ဆောင် ချက်တွေနဲ့ပတ်သက်ပြီး ကာလလတ်၊ ကာလရှည် စီမံချက်တွေ ရေးဆွဲဆောင်ရွက် ဖို့ရှိပါတယ်။ တစ်ခုပြောချင်တာက ကျွန်မ တို့ရဲ့ အညွှန်းကိန်းက အညွှန်းကိန်း ၁ဝ ခု ထဲမှာ အမှတ်ရဖို့အခက်ခဲဆုံးအညွှန်းကိန်း လို့ ကမ္ဘာ့ဘဏ်ကပြောထားပါတယ်။ သူက ဥပဒေမူဘောင်တွေ ပါတယ်။ နိုင်ငံတကာ စံနှုန်းတွေပါတဲ့အပြင် အိုင်တီနည်းပညာတွေ လည်းပါပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မဟာဗျူဟာ စီမံကိန်း ၂၀၁၈-၂၀၂၂ကို ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါ တယ်။ ဒီမဟာဗျူဟာစီမံကိန်းက USAID က အဓိကပံ့ပိုးပြီး အခြားနိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ ပံ့ပိုးမှု၊ လက်ရှိအခြေအနေ တွေနဲ့ အားလုံးကိုပေါင်း စပ်ပြီး နိုင်ငံတကာ အဆင့်မီရေးဆွဲထားတဲ့ မဟာဗျူဟာစီမံ ချက်ဖြစ်တဲ့အတွက် အညွှန်းကိန်းသတ်မှတ် ချက်တွေ အားလုံးကို ခြုံငုံမိတယ်လို့ သတ်မှတ်လို့ ရပါတယ်။

ဒါကြောင့် ဒီမဟာဗျူဟာစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် အညွှန်းကိန်းကလည်း အောင်မြင် လာမှာ ဖြစ်တဲ့အပြင် တရားစီရင်ရေးကဏ္ဍကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မဟာဗျူဟာစီမံကိန်းကြီး အောင်မြင်ဖို့ အတွက် အမှုသည်တွေ၊ ရှေ့နေတွေအပါ အဝင်တရားရုံးနဲ့ သက်ဆိုင် သူတွေ အားလုံး က ကျွန်မတို့နဲ့ ပူးပေါင်းပါဝင်ပြီး မဟာဗျူဟာစီမံကိန်းကြီး အောင်မြင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့လိုပါတယ်လို့ တိုက်တွန်း လိုပါတယ်။

အစီအစဉ်မှူး ။ ။ ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ၂၀၂ဝမှာ Overall Benefit ရှိပါသလားခင်ဗျာ။

ဦးဇေယျသူရမွန် ။ ။ မြန်မာနိုင်ငံထဲမှာယှဉ်ရင်ကျွန်တော်တို့က Overall Benefit ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံခြောက်ခုထက် ပိုသာ လာပါတယ်။ ကျွန်တော်တို့က နိုင်ငံထဲမှာ Benefit ဖြစ်တယ်။ ဒေသတွင်း Regional နဲ့ ယှဉ်ရင် ကျွန်တော်တို့က မီဖို့လိုပါ သေးတယ်။ ဒါပေမယ့် ကျွန်တော်က ဒီနှစ်မှာတော့ တော်တော်လေး အားရတယ်။ ရှေ့လျှောက်လည်း ဒီထက်ပိုအားရစရာတွေ လုပ်ဖို့ရှိသွားပြီ။ ဌာနဆိုင်ရာလမ်း ကြောင်းလည်း တော်တော်လေး နားလည်သွားပြီ။

အရင်တုန်းက ဘယ်လိုဖြစ်သလဲဆိုတော့ ကျွန်တော့်အမြင်က နိုင်ငံတော်က စီးပွားရေး တွေအားလုံးကို တာဝန်ယူခဲ့တယ်။ ပုဂ္ဂလိက ကဏ္ဍကိုမရအောင်၊ ခက်အောင်ကို အကုန်လုံးက လုပ်ထားတဲ့ အနေအထား ရှိပါတယ်။ Regulation တွေကအစ၊ အစိုးရအရာရှိတွေ ဘက်ကအမြင်ကိုကအစ စီးပွားရေးလုပ်ရတာ မရအောင်၊ ခက်အောင် အဲဒီလိုမျိုးနဲ့ထားတယ်။ အဲဒီလိုမျိုးနဲ့ ကျွန်တော်တို့က ဖြတ်သန်းခဲ့ပါ တယ်။

အဲဒီကနေ ကျွန်တော်တို့က ပြုပြင် ပြောင်းလဲရေးပြန်လုပ်တဲ့အခါ အခုအချိန်မှာ ဌာနဆိုင်ရာတွေကလည်း စီးပွားရေးလုပ်ငန်း တစ်ခုလာရင် လွယ်အောင်လုပ်ပေးရမယ်။ အချိန်မြန်မြန်နဲ့ပြီးအောင် လုပ်ပေးရမယ်။ ငွေရေးကြေးရေး သက်သက်သာသာ ဖြစ်ရမယ်။ Procedure တွေ၊ လုပ်ငန်းအဆင့်တွေ လျှော့နိုင်သမျှလျှော့ရမယ်ဆိုတဲ့ Concept ကဝင်သွားပြီ။ Regulator တွေ အားလုံးရဲ့ ခေါင်းထဲမှာ ဝင်သွားတာပါ။ ဟိုးထိပ် ခေါင်းဆောင်ပိုင်း၊ နိုင်ငံတော်သမ္မတအထိ စီးပွားရေးလုပ်ငန်းကို ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ အဲဒါဒီနှစ်က သက်သေပါ။

ဒီနှစ်က မြန်မာနိုင်ငံရဲ့ အဆင့်ခြောက်ခု တက်တယ်။ အရင်တုန်းကဆိုရင် လည်နေပြီး အဆင့်၁၇၁၊ အချို့နှစ်တွေမှာဆိုရင် ကျတောင် သွားပါသေးတယ်။ ကျွန်တော့်အမြင်က Regulator တွေအားလုံးလမ်းကြောင်းမြင်သွားပြီ၊ တွေ့သွားပြီ၊ သိသွားပြီ။ ဒေသတွင်းနဲ့ ဘယ်လောက်ကွာတယ် ဆိုတာလည်း ကျွန်တော်တို့က သိသွားပြီ။ တချို့ Regulator တွေဆိုရင် အားရဖို့ကောင်းတာက ဒေသတွင်း နိုင်ငံတွေထက် ပိုကောင်းပါတယ်။

ဥပမာ ကျွန်တော်တို့ရဲ့ Starting a business ဆိုရင် အာရှ- ပစိဖိတ်ဒေသတွင်းမှာ နိုင်ငံတွေအားလုံး ပျမ်းမျှယူထားတဲ့ အမှတ်ထက် ကျွန်တော်တို့ရဲ့ အမှတ်က ပိုကောင်းပါတယ်။ Starting a business ဆိုရင် ကျွန်တော် တို့က ပြောစရာမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကုမ္ပဏီတစ်ခု မှတ်ပုံတင်တော့မယ် Registration လုပ်တော့မယ်ဆိုရင် အွန်လိုင်းနဲ့ အိမ်ကနေလည်း လုပ်လို့ရတယ်။ နိုင်ငံခြား ကနေလည်း လုပ်လို့ရတယ်။ Registration လုပ်တာ တော်တော်လွယ်သွားပြီ။ လွယ်တာမှ Regional Average ထက်ကိုပိုလွယ်နေတယ် ဆိုတော့ တော်တော်လေးကို ကောင်းပါတယ်။

ထိုနည်းလည်းကောင်းပဲ Dealing with Construction Permit ဆိုရင် စက်ရုံတစ်ခု တည်ဆောက်မယ်။ လုပ်ငန်းတစ်ခု တည်ဆောက်မယ်ဆိုရင် အဲဒါလည်း Regional Average ထက်ကိုသာသွားပြန်ရော။ Registering Property ဆိုရင်လည်း Regional Average နားကို တစ်မှတ်ပဲလိုပါတော့တယ်။ ဒီသုံးခုကတကယ့်ကို ဒေါင်ဒေါင်မြည်ဌာနတွေ ဖြစ်သွားပြီ။ ကျန်တဲ့အညွှန်းကိန်းတွေကလည်း ကြိုးစားနေပါတယ်။

အမြဲတမ်းအတွင်းဝန်ပြောသလိုပဲ အချို့ ဌာနတွေက အမှတ်မတက်လာဘူး။ မတက် လာပေမယ့် သူတို့ရဲ့ လုပ်ငန်းအနေအထား ကိုက ပြောင်းလဲရမှာ ခက်ခဲတယ်။ ကျွန်တော် တို့ကဒေသတွင်းနိုင်ငံတွေထက် ပိုကောင်းတာ တွေဖြစ်လာပြီ။ ဥပမာ Registering Property ဆိုရင် အရင်နှစ်ကအဆင့် ၆ ဆင့်ရှိတယ်။ ဒီနှစ် လည်း အဆင့် ၆ ဆင့်ရှိတယ်။ ဒါကိုမပြောင်းလဲ နိုင်ဘူး။

ဒါပေမယ့် ကြာမြင့်ချိန်ကအရင်နှစ်က ၈၅ ရက်ကြာတယ်။ ဒီနှစ်က ၆၅ရက်ပဲကြာတယ်။ ရက် ၂၀ ပိုမြန်သွားတယ်။ အဲဒီမှာ အချိန်ကို နည်းနည်းလေး Highlight လုပ်ပြချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဘဏ် Doing Business ရဲ့ အစီရင်ခံစာတွေ ရေးထားတဲ့အထဲ မှာပါတယ်။ တစ်ရက်နောက်ကျရင် ကျွန်တော် တို့ရဲ့ Business Volume ကို ၁ရာခိုင်နှုန်းလျော့ သွားတယ်။ တစ်နိုင်ငံလုံးရဲ့ GDP က ဝ ဒသမ ၅ ရာခိုင်နှုန်းလျော့တယ်လို့ ဥပမာသူတို့ တွက်ထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့က ရက်၂၀ မြန်လာတယ်။ ဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့ရဲ့ Efficiency တွေများလာတယ်။ မြန်လာတယ်။ ဒီအချိန်မှာ စကားလေးတစ်လုံးကို ကျွန်တော်သတိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲမှာပါတယ်။ သူများနိုင်ငံတွေ ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က လေး၊ငါး၊ဆယ်လှမ်း လှမ်းမှ တော်ရာကျမယ်ဆိုတာ ပါတယ်။ အခုခေတ်မှာ အဲဒီလမ်းကြောင်းပေါ် ပြန်ရောက် နေပြီ။ Government ကလည်း သူများနိုင်ငံက တစ်လှမ်းလှမ်းရင် ကျွန်တော်တို့ကလေး၊ငါး၊ ဆယ်လှမ်းလှမ်းရမယ် ဒီလိုမျိုးဖြစ်သွားပြီ။

ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍက လူတွေ ကယှဉ်ပြိုင်မှုရှိတာဆိုတော့ သူများတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က လေး၊ ငါး၊ ဆယ်လှမ်း မလှမ်းနိုင်ရင် ကျန်ခဲ့မယ်၊ ပြုတ်သွားမယ်၊ အရှုံးပေါ်သွားမယ်ဆိုတော့ ကျွန်တော်တို့က လုပ်ပါတယ်။ ဒါပေမယ့် အစိုးရရဲ့ ဟိုးအရင် တုန်းကအမြင်မှာ စီးပွားရေးလုပ်ငန်းဆိုရင် ခက်အောင် လုပ်ထားဆိုတဲ့ အရာတွေ အကုန်လုံးက ဖြေလျှော့လာပြီဆိုတော့ ရှေ့လျှောက်ကို ဒီထက်ပိုကောင်းလာဖို့ပဲရှိ တယ်လို့ ကျွန်တော်မြင်ပါတယ်။ Overall အနေနဲ့ အားရတယ်ဆိုတာ ဒီနှစ်တစ်ခုတည်း ကို အားရတာမဟုတ်ပါဘူး။ အပြောင်းအလဲ တစ်ခုလုံးကိုအားရတာပါ။ ရှေ့လျှောက်ကို လည်း မြင်နေတဲ့အတွက် အဲဒါတွေကိုအားရတာ ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ ၂၀၂ဝ မှာ တိုးတက် မှုမရခဲ့တဲ့ အညွှန်းကိန်း ငါးခုကိုလည်း ပြောပြပေးပါဦး။

ဦးဇေယျသူရမွန် ။ ။ အဲဒီ အညွှန်းကိန်းငါးခုက အားမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော်ပါဝင်ပတ်သက်လာတာ သုံးနှစ် ရှိပါပြီ။ သုံးနှစ်လုံးက မလှုပ်လာပါဘူး။ ဒီအတိုင်းပဲ။ တက်မလာပါဘူး။ မတက်လာတဲ့ အကြောင်းရင်းက အချို့အညွှန်းကိန်းတွေက ခက်ပါတယ်။ အခက်ဆုံးအညွှန်းကိန်းတွေလည်း ပါတယ်။

ကျွန်တော်တို့က Regional Average Line ကိုကြည့်လိုက်ရင် အလွယ်ဆုံး၊ ပြီးရင်ခက်တာ၊ ပြီးရင်လွယ်တာ ပြန်လာပါတယ်။ ပြီးရင်ခက်တာ အဲဒီလိုသွားတယ်။ အဲဒီအညွှန်းကိန်း ငါးခုလုံးက ခက်တဲ့ဟာတွေ။ နိုင်ငံတကာ မှာကိုကခက်ပါတယ်။ အဲဒီတော့ ကျွန်တော် တို့ နိုင်ငံကလည်း ခက်နေပါတယ်။ အဓိက ပြုပြင်ပြောင်းလဲရမှာက ဥပဒေတွေ ဖြစ်နေ ပါတယ်။ နောက်ပြီး ဥပဒေမရှိတာလည်း ရှိပါတယ်။ ကျွန်တော်တို့တင် မရှိတာ လားဆိုတော့ မဟုတ်ဘူး၊ သူများနိုင်ငံတွေ လည်း မရှိပါဘူး။

ဒါပေမယ့် သူများနိုင်ငံတွေက အဲဒီ Law တွေက လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ် လောက်က အတည်ပြုပြီးသွားပြီ။ ကျွန်တော်တို့က အခုအဲဒီ Law တွေလုပ်နေပါတယ်။ ရေးနေပါတယ်။ လွှတ်တော်မှာ ဖြတ်နေ ပါတယ်ဆိုတဲ့ အတွက် အဲဒီအညွှန်းကိန်းငါးခုက သိပ်ပြီးမလွယ်သေးပါဘူး။ ဒါပေမယ့်လည်း Regulator တွေက နည်းနည်းသဘောပေါက်လာပါတယ်။

အရင်နှစ်က တရားရေးက ညွှန်ချုပ်ကြီးဆိုရင် ကြိုးစားပမ်းစားကမ္ဘာ့ဘဏ်နဲ့ ထိုင်ပြီး ဆွေးနွေးပါတယ်။ စိတ်ပါဝင်စားပြီး ကမ္ဘာ့ဘဏ်ကလည်း နားလည်အောင် ဥပဒေတွေ အကုန်လုံးကို ဖတ်ပြပါတယ်။ နောက်ဆုံး နှစ်ပေါင်းတော်တော်ကြာတဲ့ ဥပဒေတွေကိုပါ ပြန်ဆွဲထုတ်လာပါတယ်။ သူတို့မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ ခက်ပါတယ်လို့ ပြောနေတဲ့၊ အမှတ်နည်းပါတယ်လို့ သူတို့ပေးထားတဲ့အရာ တွေကိုပါ မဟုတ်ဘူး။ ကျွန်တော်တို့ကို အမှတ်ပေး သင့်ပါတယ်ဆိုပြီး ကမ္ဘာ့ဘဏ်နဲ့ကို အချေ အတင် ဆွေးနွေးတာတွေရှိပါတယ်။

အမှတ်မတက်တဲ့ ငါးချက်က ဘာတွေသွား ဖြစ်သလဲဆိုတော့ အမှတ်မတက်တော့ အဆင့်ကျပါတယ်။ သူများနိုင်ငံတွေက ကြိုးစားတယ်။ ဥပမာ တစ်ခုပြောရမယ် ဆိုရင် အရင်တုန်းကလည်း အဲဒီ ၅ ခု အမှတ်က ဒီအတိုင်းက ဒီအတိုင်းပဲ၊ သူများနိုင်ငံတွေက ကောင်းလာတဲ့အတွက် အလိုလိုနေရင်းကို အဆင့်ကလျော့သွား တယ်။ ဥပမာ- Getting Electricity ဆိုရင် အမှတ်တော့ ပိုရလာပါတယ်။ သူများနိုင်ငံ တွေက ပိုကောင်းအောင် လုပ်လာတဲ့အတွက်ကြောင့် အဆင့်ကလေးဆင့်လျော့သွား ပါတယ်။

ထိုနည်းလည်းကောင်းပဲ Resolving Insolvency ဆိုရင် အမှတ်က ပြောင်းလဲမှု မရှိဘူး။ သူများနိုင်ငံတွေလည်း ခက်တယ်။ တချို့ဟာတွေက ခက်တဲ့အထဲမှာပါတယ်။ ကျွန်တော်တို့နိုင်ငံက အမှတ်အပြောင်းအလဲ မရှိဘူး။ သူများနိုင်ငံတွေလည်း အမှတ်က အပြောင်းအလဲမရှိဘူး။ အဲဒီတော့ကျွန်တော် တို့ကအမှတ်က ဒီအမှတ်ပဲ။ အဆင့်က ဒီအဆင့်ပဲ။ Trading Across Borders လည်း ထိုနည်းလည်းကောင်းပဲ။ အမှတ်လည်း အပြောင်းအလဲမရှိဘူး။ အဆင့်လည်း အပြောင်းအလဲမရှိဘူး။ လုပ်ရတာခက်တဲ့ အပိုင်းတွေ ဖြစ်နေပြီ။ သူများနိုင်ငံတွေလည်း တက်မလာနိုင်ပါဘူး။ ကိုယ်လည်း မတက် တော့ အဆင့်ကမပြောင်းလဲဘူး။

စောစောကပြောတဲ့ Getting Electricity ကလုပ်ရတာသိပ်ပြီး အခက်ထဲမှာမပါဘူး။ ကိုယ်ကတော့ ၁ မှတ်လောက်ပဲ တက်အောင် လုပ်နိုင်တယ်။ သူများတွေက ၄၊ ၅၊ ၆မှတ် တက်အောင်လုပ်နိုင်တဲ့အတွက် ကျွန်တော်တို့က အဆင့်လေးဆင့် ကျသွား တယ်။ အဲဒီလိုပါ။ နောက်ပြီး Paying Taxes ကျတော့လည်း ကျွန်တော်တို့က အမှတ် ပြောင်းလဲမှုမရှိဘူး။ သူများနိုင်ငံတွေက ကောင်းအောင် လုပ်လာတဲ့အတွက် ကျွန်တော်တို့က အဆင့်ကျသွားတယ်။ အဲဒီလိုတွေ တွေ့ရှိရပါတယ်။

ဒါပေမယ့် ကျွန်တော်တို့က ငြိမ်နေလို့ တော့မရပါဘူး။ စောစောကပြောတဲ့ Resolving Insolvency တို့ကျတော့ သူများနိုင်ငံ တွေလည်း ခက်နေတာပါ။ ကမ္ဘာ့ဘဏ်က အမှတ်ပေးတဲ့ ပုံစံကိုက ခက်နေတာပါ။ အဲဒီတော့ အဆင့်အပြောင်းအလဲမရှိ၊ အမှတ်အပြောင်းအလဲမရှိပါ။ ဒါတွေက ကျွန်တော်တို့က သိပ်ပြီးပြဿနာမရှိပါဘူး။ စောစောကလို အမှတ်အပြောင်းအလဲမရှိဘဲ အဆင့်ကျသွားတာကနာပါတယ်။ အဲဒါက ဘာကိုသက်ရောက်မှု သွားဖြစ်သလဲ ဆိုတော့ ကျွန်တော်တို့ အရင်ကြိုးစားနေတဲ့ အခြား Regulator တွေရဲ့ ကြိုးစား အားထုတ်မှုက သူတို့က ဒီလောက်ရထားမယ်။ ဒါပေမယ့် ဒီဘက်ကကျတော့ အဆင့် က လျော့သွားတဲ့အတွက် Overall ပြန်ကြည့်မယ်ဆိုရင် စောစောကပြောသလို ခြောက်နိုင်ငံပဲ ကျော်နိုင် သလိုဖြစ်သွားတာဖြစ်ပါတယ်။

အမှန်ကျွန်တော်တို့က ခုနစ်နိုင်ငံ၊ ရှစ်နိုင်ငံ၊ ၁၀ နိုင်ငံကျော်နိုင်ပါတယ်။ အဲဒီလို ကျော်နိုင်ရင် စီးပွားရေး လုပ်ငန်းတွေအတွက် ဘာအကျိုးကျေးဇူးရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ လက်ရှိစီးပွားရေးလုပ်ငန်း တစ်ခုကိုက တန်ဖိုးတက်သွားပါတယ်။ ဥပမာ ပြည်လမ်းပေါ်မှာ တကယ့်နေရာ ကောင်းမှာရှိတဲ့ ဟိုတယ်တစ်လုံး သန်း ၆၀ဝ တန်တယ်ဆိုရင် စင်ကာပူနိုင်ငံ Orchard Road မှာရှိတဲ့ ဟိုတယ်တစ်လုံးနဲ့ အတူတူပဲ ဘာမှကွာခြားမှုမရှိဘူး။ ဒါပေမယ့် သူ့ရဲ့ရောင်းဈေးက သန်း ၁၀၀၀ ဖြစ်ချင် ဖြစ်သွားမယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့က စီးပွားရေးလုပ်ရတာ လွယ်ကူတယ်။ ရှေ့လျှောက်လည်း ပိုအခြေအနေကောင်း ပါတယ်။ ကျွန်တော်တို့က ဟိုလောက် အခြေအနေ မကောင်းနိုင်ဘူးဆိုတော့ စီးပွားရေးလုပ်ငန်းက နေရင်းထိုင်ရင်းကို တန်ဖိုးတက်လာပါတယ်။ အခုအနေအထား ဆိုရင် ကျွန်တော်တို့ စီးပွားရေးတွေ ပြန်ကောင်းလာပြီ။ လူတွေရဲ့အသိမှာကိုက စီးပွားရေးလုပ်ရတာခက်တယ်။ အဆင်မပြေဘူးဆိုပြီး အများကြီး ကြားရပါတယ်။ နေရာ တိုင်းမှာ ကြားရပါတယ်။

ဒီနေ့ခေတ်မှာ အဲဒီအသံတွေက တဖြည်းဖြည်းချင်း တိုးသွားပါတယ်။ ကျွန်တော်တို့လည်း လက်တွေ့ခံစား ရပါတယ်။ ကျွန်တော်တို့အလုပ်လေးတွေ တဖြည်းဖြည်း ပိုကောင်းလာတယ်။ ကျွန်တော်တို့အသံတွေ နားထောင်တဲ့အခါမှာလည်းတချို့ကစီးပွားရေး လုပ်ငန်းတွေ ကောင်းလာတယ်၊ တချို့ကတော့ မကောင်း သေးဘူး။ အဲဒီလိုမျိုးတွေကြားရပါတယ်။ ဒါကျွန်တော်တို့ လက်တွေ့ခံစားရတယ်။ ပုဂ္ဂလိကကဏ္ဍ အနေနဲ့ကျွန်တော်က ဒီလိုပဲ မြင်ပါတယ်။

အစီအစဉ်မှူး ။ ။ နိုင်ငံရဲ့ အခုလက်ရှိ ဆောင်ရွက် နေတဲ့ Ease of Doing Business နဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့အချက်တွေကို လုပ်ငန်းရှင် တစ်ယောက် ဒါမှမဟုတ် ပြည်သူ တစ်ယောက်အနေနဲ့ သိရှိလိုပါတယ်၊ လေ့လာ လိုပါတယ်၊ သိလိုတယ်ဆိုရင် ဘယ်လိုများ လေ့လာလို့ရတယ်ဆိုတာကို ပြောပြပေးပါဦး ခင်ဗျာ။

ဦးအောင်စိုး ။ ။ ဒါက ပွင့်လင်းမြင်သာမှုနဲ့ဆိုင်ပါ တယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း သိဖို့ လိုပါတယ်။ Awareness လိုပါတယ်။ ဒါတွေ မသိရင် ကမ္ဘာ့ဘဏ်က မေးရင်လည်း အဖြေလွှာတွေကို ကောင်းကောင်းမဖြေ တတ်ပါဘူး။ကိုယ်တိုင်ကလည်း ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဘာလုပ်ချင်ရင်ဘယ်ဌာန သွားရမယ်။ အဲဒီဌာနမှာလုပ်ငန်း အဆင့်တွေက ဘာလဲမသိဘူးဆိုရင်သူလည်း ခက်မှာပါ။ ဒါကြောင့် ဒါတွေကို သူတို့ အလွယ် တကူ သိနိုင်ဖို့ လုပ်ပါတယ်။ ဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့က Communication Strategy ဆိုတာချပြီး ကမ္ဘာ့ဘဏ်နဲ့ လုပ်ပါတယ်။ အဲဒီအထဲမှာ ကုန်သည်ကြီးများအသင်းမှာ သွားပြီး Seminar တွေ လုပ်တယ်။ ရှင်းပြ ပါတယ်။

အထူးသဖြင့် အဖြေလွှာတွေကို ဖြေရတဲ့အဖွဲ့တွေက များသောအားဖြင့် Law Firm တွေများတယ်။ သူတို့ကိုလည်း သီးခြား ဖိတ်တယ်။ ရှင်းပြတယ်။ ဟိုးအရင် မေးခွန်းဟောင်းကို ပြန်ပြီးလေ့လာသလိုမျိုး ယခင် နှစ်တွေက မေးဖူးတာကို သူတို့ကို ပြန်ရှင်းပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဘဏ်က အင်္ဂလိပ်လိုရေး တဲ့အပြင် တချို့ Term တွေကလည်း ရင်းနှီးမှုသိပ်မရှိတာတွေများတဲ့အတွက် သူတို့ကို ပြန်ရှင်းပြပါတယ်။ ဒီလို တွေလည်း ကျွန်တော်တို့ကလုပ်ပါတယ်။

နောက်တစ်ခုက ပိုပြီးလွယ်ကူအောင် ဝက်ဘ်ဆိုက် လုပ်ထားပါတယ်။ Doing Business စနစ်ကြီးတစ်ခုလုံးကို ကမ္ဘာ့ဘဏ် က ဘာလုပ်နေလဲသိချင်ရင် doingbusiness.org ဝက်ဘ်ဆိုက်မှာ ကြည့်လို့ရပါတယ်။ အဲဒီမှာ တစ်ကမ္ဘာလုံးက နိုင်ငံပေါင်း ၁၉ဝ ရဲ့ Doing Business Report တွေ အကုန် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ Report လည်း ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ဌာနက myanmardoingbusiness.org ဆိုပြီး ဝက်ဘ်ဆိုက်သီးသန့် လုပ်ထားပါတယ်။

အဲဒီဝက်ဘ်ဆိုက်ထဲမှာ အညွှန်းကိန်း တစ်ခုချင်းက ဌာနတစ်ခုချင်းရဲ့ လုပ်ထုံး လုပ်နည်းတွေ၊ လုပ်ငန်း အဆင့်တွေ အကုန် တင်ပေးထားပါတယ်။ တာဝန်ခံညွှန်ကြားရေးမှူးချုပ်တွေရဲ့ ပုံတွေပါတင်ပေးထားပါ တယ်။ ဘယ်သူတွေ ဦးဆောင်လုပ်နေတယ် ဆိုတာ ပြည်သူတွေသိအောင် ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Standard Operating Procedure ဆိုတာဌာနတိုင်းမှာရှိတယ်။

သို့သော် တချို့ဌာနတွေမှာ ဒါကိုပီပီ ပြင်ပြင်မလုပ်နိုင်သေးပါဘူး။ မရှိသေးပါဘူး။ ရှိပြီးသားလက်ရှိ Procedure ကို ကျွန်တော် တို့က အများပြည်သူ ပွင့်လင်းမြင်သာစွာ သိအောင် ဝက်ဘ်ဆိုက်ပေါ်တင်ပေးထားပါ တယ်။ ဒါကိုလည်း ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ ကျွန်တော်တင်ပြချင်ပါတယ်။ ဆရာတို့ရဲ့ Property နဲ့ပတ်သက် တာရော ဆရာမတို့ရဲ့ Contract တွေနဲ့ပတ်သက်တာတွေရောအကုန်လုံးရှိပါတယ်။

အခုတော့ သူတို့က လက်ရှိအတိုင်း တင်ထားပါတယ်။ အဲဒီ လက်ရှိအတိုင်းကိုပဲ တိုင်းတာတာဘာလဲ၊ အဆင့်ဘယ်လောက်လဲ။ အချိန်ဘယ်လောက်ကြာတယ်။ ကုန်ကျ စရိတ်ဘယ်လောက်လဲ အဲဒါကိုတိုင်း တာတာ ဖြစ်ပါတယ်။ အဲဒီအတိုင်းသွားပြီး လုပ်ရင် လက်ရှိမှာ အဲဒီလိုဖြစ်မယ်။ ဒါကိုနောက် တစ်ဆင့် အနေနဲ့ပိုပြီးအဆင့်တွေ နည်းသွား အောင် လွယ်သွားအောင် လုပ်ပေးနေပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့အခု Information Center တစ်ခုထောင်မယ်ဆိုတာက “အဲဒီ အတိုင်းလည်း လုပ်ပါတယ်။ ပြောတာတော့ အဲဒီလိုပဲ။ တကယ်လက်တွေ့ လုပ်တော့ မဖြစ်ပါဘူး” ဆိုတဲ့သူတွေအတွက် Complaint Center လို Information Center မှာ လာပြောရင် ကျွန်တော်တို့က သက်ဆိုင်ရာတွေကို ချိတ်ဆက်ပြီး အကူအညီပေးမယ်။

တစ်ခါတလေကျတော့ အစိုးရဌာနမှာက ဝန်ထမ်းတွေက အပြောင်းအရွှေ့တွေ ရှိပါတယ်။ ဒီလုပ်ငန်းကို လုပ်နေတဲ့သူက ပြောင်းသွားလို့ နောက်တစ်ယောက်က ရုတ်တရက်နားမလည်တာ၊ မဖြေတတ်တာ ဒါတွေလည်း အမြဲတွေ့ရပါတယ်။ ကျွန်တော်တို့လည်း Training တွေ ပေးနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဌာနတွေက Doing Business နဲ့ပတ်သက်တဲ့ Focal Officer တွေကို တာဝန်ပေးထားပြီး သူတို့ကိုအမြဲတမ်း Training တွေပေးနေပါတယ်။ ပေးနေတဲ့ကြား ထဲကပဲ အပြောင်းအရွှေ့ရှိလို့ သွားရင်လည်း ထပ်ပေးနေပါတယ်။ ဒါလေးတွေကို သူတို့ကလည်း ကျွမ်းကျင်လာပြီး လွယ်ကူအောင် ကျွန်တော်တို့က တတ်နိုင်သမျှ ဆောင်ရွက်ပေး နေပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ခုနပြောတဲ့ Doing Business Complaint Center တစ်ခုဖွင့်လိုက်နိုင်ပြီ ဆိုရင် အဲဒီစင်တာနဲ့ သက်ဆိုင်ရာ ဌာနက Information Counter နဲ့ ချိတ်ဆက်ပြီး သူတို့သိချင်တာကို ကျွန်တော်တို့ ရှင်းပြပါမယ်။ Doing Business Procedure တစ်ခုစီကိုလည်း ပြည်သူလူထုသိအောင် Seminar တွေ လုပ်ပေးမယ်။ နောက်ပြီး တကယ်လုပ်ရင်လည်း ဒီလိုမဖြစ်ဘဲခက်နေတယ်ဆိုရင် သူတို့ပြန်ပြီး Complaint လုပ်နိုင်အောင် ကျွန်တော်တို့က စီစဉ်ပေးမယ်။

ခုနပြောသလို အပေါ်က မူဝါဒချမှတ်တဲ့ လုပ်ငန်းစဉ်နဲ့ လက်တွေ့လုပ်ငန်းရှင်တွေက အကျိုးကျေးဇူးရတာနဲ့ တစ်ထပ်တည်းဖြစ်သွားမယ်။ အခုအချိန်မှာတော့ Complaint တွေက ရှိနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံသူတွေ ကိုယ်တိုင်က Complaint လုပ်တာတွေကရှိနေ တုန်းပါ။ ဒါကြောင့် ကျွန်တော်တို့က ဒီတစ်ဆင့် ကို ဆက်ကြိုးစားမယ်။ အဲဒါဆိုရင်ဒီနှစ်အတွက် ပိုပြီးသိသာတဲ့ အကျိုးရလဒ်တွေရလာမယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။

အစီအစဉ်မှူး ။ ။ Ease of Doing Business နဲ့ပတ်သက် ပြီး ဘာများထပ်ပြီး ဖြည့်စွက်ဆွေးနွေး စရာလိုပါသေးလဲခင်ဗျာ။

ဦးအောင်စိုး ။ ။ ကိုဇေယျ ပြောသလိုပါပဲ Mindset တွေ ပြောင်းရတာ ပါတယ်။ Doing Business ဆိုတာအရင်တုန်း ကအစိုးရပဲ။ အစိုးရဌာနလာရင် လုပ်ပေးလိုက် တယ်။ စောင့်စရာရှိလည်းစောင့်၊ ကြာရင် လည်းကြာဆိုတဲ့ အတွေးအခေါ်တွေကို ကျွန်တော်တို့ ပြောင်းပေးနေရတာပါ။ အဲဒီတော့ ကျွန်တော်တို့သည် ပြည်သူ့ ဝန်ဆောင်မှုပေးတယ်။ စီးပွားရေးကဏ္ဍ၊ စီးပွားရေးလုပ်ငန်းတွေ လွယ်ကူအောင်ဝန်ဆောင်မှု ပေးနေတာဖြစ်ပါတယ်။

ပြည်သူတွေကလည်း ဒီစီးပွားရေး လုပ်ငန်းတွေအတွက် အခွန်တွေ ဆောင်နေရပါတယ်။ အဲဒီဆောင်တဲ့ အခွန်တွေနဲ့ ကျွန်တော် တို့လခတွေ ရနေပါတယ်။ ဒီလုပ်ငန်းရှင်နဲ့ အစိုးရဝန်ထမ်းက တကယ်တော့ Shareholders တွေပါ။ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ Mindset ကိုပြောင်းရတယ်။ ကျွန်တော်တို့ကလည်း မြန်အောင်လုပ်ပေးပါတယ်။ သူတို့ကလည်း လုပ်ငန်းအောင်မြင်ရင် ဝင်ငွေပိုရမယ်၊ အခွန်ပိုဆောင်မယ်၊ ကျွန်တော် တို့လည်း အကျိုးခံစားရမယ်။

ဒီလို Mindset မျိုးဖြစ်လာအောင် ကျွန်တော်တို့က သင်ကြားပေးပါတယ်။ အဲဒီလို နည်းအားဖြင့် သူတို့လာရင် ကျွန်တော်တို့က သတ်မှတ်တဲ့အချိန်အတွင်းမှာ ဝန်ဆောင်မှု ပေးနိုင်ရမယ်။ အချိန်ဆွဲထားတာ၊ မလိုအပ်ဘဲ ကြန့်ကြာတာ၊ ခက်ခဲတာတွေ မဖြစ်အောင် ကျွန်တော်တို့ လုပ်ပေးမယ်။ ဒါကကျွန်တော်တို့အဓိက ပြောင်းလာတဲ့ Mindset ကို ပုံဖော် ပေးတာဖြစ်ပါတယ်။

နောက်တစ်ခုက လက်ရှိအခြေအနေမှာ ၂၀၁၄ ခုနှစ်ကစပြီး ကြိုးစားခဲ့တဲ့အတွက် အဆင့်အတိုင်းအတာ လေးတစ်ခု တက်လာ ပေမယ့်လည်း အာဆီယံနိုင်ငံတွေထဲမှာ ကျွန်တော်တို့သည် အခုထိနောက်ဆုံးပါ။ ကျွန်တော်တို့က ပျော်မွေ့ပြီး ကျေနပ်နေလို့ရတဲ့ အနေအထားမဟုတ်ဘူး။ ကျွန်တော်တို့သည် အနည်းဆုံး အဆင့် ၁၀ဝရဲ့အထက်ကို မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းရှင်တွေဟာ ကျေနပ်လောက်တဲ့ အဆင့်၊ လုပ်ငန်းလွယ်ကူချောမွေ့တဲ့အဆင့် ကိုရောက်မယ်။ ကျွန်တော်တို့သည် ဆက်ပြီး ကြိုးစားဖို့ လိုပါသေးတယ်။ ကျွန်တော် တို့သည် ကျေနပ်လောက်တဲ့လုပ်ငန်းတွေ တကယ် ကောင်းတဲ့အဆင့်ကို မရောက် သေးပါဘူး။ စပြီးတိုးတက်တဲ့ အဆင့်၊ အရှိန်စရလာတဲ့အဆင့်ပဲ ရှိသေးပါတယ်။

ဒါကြောင့် သက်ဆိုင်ရာဌာနအသီးသီး က ဆက်ပြီးကြိုးစားရဦးမယ်။ ကျွန်တော်တို့သည် ကျေနပ်နေလို့မရဘူး။ နောက် တစ်ခုက နိုင်ငံတော်အကြီးအကဲတွေ၊ ဌာနအကြီးအမှူးတွေ၊ အရာရှိကြီးတွေက ဒါကိုဦးဆောင်ပြီး လုပ်နေပေမယ့်လည်း အောက်က ဝန်ထမ်းအဆင့်ဆင့်လိုက်ပါ အောင်စည်းရုံးဖို့၊ တိုက်တွန်းဖို့၊ သင်ကြား ပြသပေးဖို့လိုပါတယ်။ ဒါမှသာ လက်တွေ့ လုပ်ငန်းရှင်တွေက ခံစားရမယ်။ အဲဒီအဆင့်ကို ကျွန်တော်တို့ရောက်အောင် သွားရမယ်။

ဒါဆိုရင်တက်ညီလက်ညီနဲ့ ကျွန်တော် တို့ရဲ့ Doing Business လုပ်ငန်းစဉ်ကြီးက လွယ်ကူချောမွေ့သွားရင် စီးပွားရေးလုပ်ငန်း ရှင်တွေလည်း စိတ်ချမ်းသာမယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေလည်း ဒီမှာလာရောက် လုပ်ကိုင်ရတာကို ကျေနပ်မယ်။ ဒါဆိုရင် ကျွန်တော်တို့တွေအားလုံး အကျိုးခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ လက်ရှိအဆင့်တွေကို လုပ်နိုင်တဲ့အဆင့်ကိုပဲ အမှန်တကယ်လက်တွေ့ ဝက်ဘ်ဆိုက် အပေါ်တင် ထားတဲ့ လုပ်ငန်းအဆင့်တွေ၊ လုပ်ငန်းစဉ်တွေအတိုင်း တကယ်လုပ်ဖြစ် အောင်လုပ်နိုင်အောင်၊ ဝန်ဆောင်မှု ပေးနိုင် အောင်လုပ်ကြဖို့ ဌာနအသီးသီးကို တိုက်တွန်းချင်ပါတယ်။

နောက်တစ်ဆင့်က အဲဒီထက်ပိုကောင်း တဲ့ အဆင့်ကို တဖြည်းဖြည်းချင်း တက်သွားမယ်။ ကျွန်တော့်အနေနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့၊ အဖြေလွှာတွေ ဖြေပေးတဲ့ လုပ်ငန်းရှင်တွေရော၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က ကိုဇေယျအပါအဝင် တာဝန်ရှိသူတွေ အားလုံးနဲ့ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ဌာန တွေ အားလုံးကို တာဝန်ခံဝန်ကြီး ဌာနအနေ နဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါ တယ်။

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ ခင်ဗျာ။

အခုဆိုရင် ကျွန်တော် တို့ Ease of Doing Business နဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာ တွေကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍက စိတ်ရှည်၊ လက်ရှည်လာရောက်ဖြေကြားပေးသွား တဲ့အတွက်ပြည်သူတွေ ကိုယ်စား ကျေးဇူးတင် ပါတယ်ခင်ဗျာ။

ဦးအောင်စိုး ။ ။ ကျွန်တော်တို့က လည်း အခုလို ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ။

တာရာ