Skip to main content

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၀ ပြည့်နှစ် ဦးစားပေးလုပ်ငန်းစဉ်များ ထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) အရ၂၀၁၉ ခုနှစ်၏အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၀ ပြည့်နှစ် အတွက် ဦးစားပေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ ထုတ်ပြန် လိုက်သည်။

၂၀၁၉ ခုနှစ်၏ အဓိကဆောင်ရွက်မှုများ

တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှုများ ပြီးပြတ်မှုနှုန်းကို ၉၉.၅၇% သို့ တိုးတက်အောင် ဆောင်ရွက်ခြင်း၊

မှုခင်းများကို ဥပဒေနှင့်အညီ တရားမျှတပြီး အချိန်မီထိရောက်စွာ ဖြေရှင်းပေးရေးအတွက် နိုင်ငံတစ်ဝန်း မှုခင်း၊ စီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၅) ရုံးနှင့် မြို့နယ်တရားရုံး (၄၃) ရုံးတွင် တိုးချဲ့အကောင် အထည်ဖော် ခြင်းနှင့် အမှုပြီးပြတ်နှုန်း၊ အမှုများ စံသတ်မှတ်သည့်အချိန်ကာလအတွင်း ပြီးပြတ်မှုနှင့် အမှုရုံးချိန်းသေချာစေမှုတိုးတက်အောင် ဆောင်ရွက်ခြင်း၊

တိုင်းဒေသကြီး/ ပြည်နယ်များနှင့် မြို့နယ်များတွင် ဥပဒေအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းပေးခြင်းနှင့် ရုံးများအတွက် ထောက်ကူဆောင်ရွက်ပေးခြင်း၊ တရားသူကြီးများ၏ တရား စီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရန် “အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်း ဝယ်ရေးကိစ္စရပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်း” စာအုပ် ပြုစုထုတ်ဝေခြင်း၊ သက်ဆိုင် သည့်ဝန်ကြီးဌာနများ၊ ပညာရေးဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့နှင့် ဆွေးနွေးပွဲ ကျင်းပခြင်း၊

တရားသူကြီးများအတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများနှင့် တရားရုံး လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း၊

ကလေးသူငယ်များနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် လူကြီးများ အတွက် အထူးသက်သေ စစ်မေးခန်း များနှင့် သက်သေစကားပြန်များ အသုံးပြုခြင်းဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် ရှေ့နေရှေ့ရပ်နှင့် နိုတြီပဗ္ဗလစ်များ၏ လုပ်ငန်းလုပ်ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရန် ကြေညာချက် ထုတ်ပြန်ခြင်း၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံးများ၏ တရားမမှုများ ပြီးပြတ်နှုန်း၊ တရားမမှုများ၏ ပျမ်းမျှကြန့်ကြာကာလ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် အဆင့်ဆင့်တရားရုံးများ၏ ၂၀၁၈ ခုနှစ်အတွင်း ဆုံးဖြတ်သည့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုစီရင်ချက် များကို ဖော်ပြခြင်း၊

ဒေသအလိုက် အများပြည်သူအတွက် တရားရုံးလက်ကမ်းစာစောင်များကို ကချင်၊ ကယား၊ ပိုးကရင်၊ စကော ၊ ကရင်၊ မွန်၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသားဘာသာစကားဖြင့် ဖြန့်ဝေခြင်း၊

တရားရုံးအဆင့်ဆင့်တွင် သတင်းမီဒီယာနှင့် စုစုပေါင်း ၂၁၀ ကြိမ် တွေ့ဆုံ၍ အများပြည်သူ စိတ်ဝင်စားသည့် မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်း၊

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို ခရိုင်တရားရုံး (၂) ရုံးနှင့် မြို့နယ်တရားရုံး(၂) ရုံးတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

 ၂၀၂၀ ပြည့်နှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များ

တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှုများ ပြီးပြတ်မှုနှုန်းကို လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရန်၊

နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၂၅) ရုံးနှင့် မြို့နယ်တရားရုံး (၁၀၉) ရုံးတွင် တိုးချဲ့ အကောင်အထည်ဖော်ရန်၊ အမှုများ စံသတ်မှတ်သည့်အချိန်ကာလအတွင်း ပြီးပြတ်မှုနှင့် အမှုရုံးချိန်းသေချာ စေမှု တိုးတက်အောင် ဆောင်ရွက်ရန်၊

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို မြို့နယ်တရားရုံး (၆) ရုံးတွင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

တရားရုံးများတွင် အထူးသက်သေစစ်မေးခန်းများနှင့် ဗီဒီယိုဖြင့် စစ်ဆေးသည့် အထောက်အပံ့ပစ္စည်းများ တိုးချဲ့ဆောင်ရွက်ရန်၊

တန်ဖိုးနည်းသက်သာခွင့် တောင်းဆိုသော တရားမမှုများအတွက် လုပ်ထုံးလုပ်နည်းများ၊ လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေများ စသည့် ဥပဒေမူဘောင်သစ်များ ထုတ်ပြန်ရေး ဆောင်ရွက်ရန်၊

 ကူးသန်းရောင်းဝယ်ရေးတရားရုံး တည်ထောင်ရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲရန်၊ * တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ်များ ချမှတ်ရန်၊

တရားရုံးစီရင်ချက်များ ထုတ်ပြန်ရေးအတွက် အိုင်တီနည်းပညာစနစ်တစ်ခု တည်ဆောက်ရန်၊

တရားသူကြီးများနှင့် တရားရေးအရာရှိများ၏တရားစီရင်ရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်ရန်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နယ်စပ်ဖြတ်ကျော် တရားမမှုခင်းများနှင့် စီးပွားရေးမှုခင်းများတွက် ဒေသတွင်း တရားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် ဆောင်ရွက်ချက်များကို ၂၀၁၉ ခုနှစ် တရားရုံး နှစ်စဉ်အစီရင် ခံစာနှင့် ၂၀၂၀ ပြည့်နှစ် လုပ်ငန်းအစီအစဉ်များကို တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း တတိယနှစ် အစီအစဉ် (၂၀၂၀) တို့တွင် ကြည့်ရှုနိုင်ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်