Skip to main content

ပလတ်စတစ်သုံးစွဲ၊ စွန့်ပစ်မှုများလျှော့ချ သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု မြှင့်တင်

 

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များနှင့် တောတောင် သဘာဝအလှအပများ ပေါများကြွယ်ဝခြင်းကြောင့် ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်စွမ်းရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ခရီးသွားဧည့်သည် ဆွဲဆောင်သည့် နေရာများသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိပ်တန်းသို့ ရောက်ရှိနေသော အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျမှုမရှိ။ အချို့သော နေရာဒေသများနှင့် သဘာဝအလှအပများဆိုလျှင် လွန်စွာထူးခြားလှပ၍ သဘာဝမပျက် ပြုပြင်မွမ်းမံဖြည့်ဆည်းလိုက်မည်ဆိုပါက ကမ္ဘာကျော်နိုင်သည့်နေရာများ များစွာရှိသည်ဟု ယုံကြည်မိသည်။ သို့ရာတွင် မိမိတို့နိုင်ငံရှိ ခရီးသွားဧည့်သည်အများအပြား လည်ပတ် ကြသည့် နေရာများတွင်လည်းကောင်း၊ အဝေးပြေးလမ်းများတွင် လည်းကောင်း၊ အကျည်းတန်အရုပ်ဆိုးစွာ အလှဖျက်နေကြသည့် အရာများမှာ စွန့်ပစ်အမှိုက်များဖြစ်သည်။ စွန့်ပစ်အမှိုက်များအနက် အကွေ့ရအများဆုံးမှာ ပလတ်စတစ်အမှိုက်များပင် ဖြစ်သည်။

 

“ပလတ်စတစ်သည် အင်းလေးဒေသတွင်မက ကမ္ဘာ့ပင်လယ်ပြင်များတွင်ပါ များပြားလာလျက်ရှိပြီး ရေနေသတ္တဝါများနှင့် သဘာဝ သယံဇာတများကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသဖြင့် အင်းလေးဒေသခံများ၊ အုပ်ချုပ်သူအဖွဲ့အစည်းများနှင့် လုပ်ငန်းများက ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကြရန် မှာကြားလိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ခရီးစဉ်အတွင်း ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းမှာကြားခဲ့သည်။ ၂၁ ရာစု၏ ကမ္ဘာ့စိန်ခေါ်မှုများတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ စွန့်ပစ်ပစ္စည်း(အမှိုက်)များအနက် ကိုင်တွယ်ရန် အခက်ခဲဆုံးမှာ နှစ်ပေါင်း ၅၀၀ - ၁၀၀၀ကြာသည့် ကိုင်အောင် မဆွေးမြည့်နိုင်သည့် ပလတ်စတစ်အမှိုက်များဖြစ်သည်။ ပလက်စတစ် အမှိုက်များကို လမ်းခင်းကတ္တရာ အစားထိုးပစ္စည်း၊ ခြံစည်းရိုးကိုင်၊ ခြေနင်းအုက် စသည်တို့အဖြစ် ပြန်လည်ထုတ်လုပ် သုံးစွဲကြသည့် နိုင်ငံအချို့ရှိ နည်းလမ်းများကိုလည်း လေ့လာ သုတေသနပြုသင့်သည်ဟု ယူဆမိသည်။

 

မြန်မာနိုင်ငံ၏ ပလက်စတစ်ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်အတွင်း စူးစမ်းလေ့လာမှုတစ်ခုအရ နေ့စဉ် ပလက်စတစ်စွန့်ပစ္စည်း ၁၁၉ ကန်သည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်နေပြီး ကမ္ဘာ့အညစ်ညမ်းဆုံးမြစ် ၁ဝ စင်းတွင် ပါဝင်နေသည်ဟု ဆိုသည်။ အခြားစစ်တမ်းတစ်ခုတွင်လည်း မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းများတွင် ပလက်စတစ်ညစ်ညမ်းမှု၏ သက်ရောက်မှုများရှိနေရာ တစ်စတုရန်းကီလိုမီတာတွင် ပလတ်စတစ်အပိုင်းအစ ၂၈၀၀၀ တွေ့ရှိကြောင်း၊ ရခိုင်ကမ်းရိုးတန်းသည် မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတို့ထက် ပလတ်စတစ်ညစ်ညမ်းမှု ပိုမိုတွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။ မြန်မာ့ကမ်းရိုးတန်းများ၊ မြစ်ချောင်းများနှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်တွင် ပလက်စတစ်မှုန်များနှင့် ညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်းကိုလည်း သတင်းများ၌ တွေ့ခဲ့ရသည်။

 

မိမိတို့နိုင်ငံတွင် အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်မှု မပြုလုပ်နိုင်သေး။ မိရိုးဖလာအားဖြင့် အမှိုက်ဆိုလျှင် မီးရှို့၊ မြေကျင်းထဲ သို့မဟုတ် ချောင်း၊ မြောင်း၊ မြစ်များထဲ စွန့်ပစ်ခြင်းကို အစဉ်အဆက် လုပ်ခဲ့ကြသည်။ ဤသို့ စွန့်ပစ်ခြင်းမှာ ရှေးယခင်က ပြဿနာမရှိသော်လည်း ပလတ်စတစ်၊ ဖော့ဘူးတို့ကဲ့သို့သော ပစ္စည်းများ စွန့်ပစ်ကြသည့် ယခုခေတ်တွင် ပြဿနာက ကြီးမားလာသည်။ ယင်းအတွက် အထိရောက်ဆုံးနည်းလမ်းမှာ ပလက်စတစ်နှင့် ဖော့ဘူးသုံးစွဲမှု၊ ထုတ်လုပ်မှုတို့ကို လျှော့ချသွားရန်နှင့် ပိတ်ပင်တားဆီးသွားရန်ဖြစ်ပြီး တစ်ဖက်တွင်လည်း စွန့်ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသွားရန်ဖြစ်သည်။ ရေရှည်တွင် ပလက်စတစ် သုံးစွဲမှုကို အစားထိုးနိုင်သည့် ဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်း၊ တစ်ခါသုံးပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို အားပေးမြှင့်တင်သွားကြ ရမည်ဖြစ်သည်ဟု ယူဆမိပါကြောင်း။ ။