နေပြည်တော် ဖေဖော်ဝါရီ ၂၁
သတ္တမအကြိမ် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယလက်ထောက်ဝန်ကြီးနှင့် ကုလသမဂ္ဂရေးရာ တာဝန်ခံသံအမတ်ကြီး မစ္စတာ Osamu Yamanaka တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်သည်။
ဆွေးနွေးပွဲ၌ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ယင်းသို့ဆွေးနွေးရာတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးအပါအဝင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု များ၊ UNDP နှင့် UNHCR အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့ကြီးနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့အတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကုလသမဂ္ဂမျက်နှာစာအပါ အဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ကိုလည်း ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ ဂျပန်သံရုံးတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယလက်ထောက်ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်