Skip to main content

ကျောက်ခတ်ဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သူများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေယူ၍ မြန်မာ-ထိုင်းနယ်စပ်သို့ မော်တော်ယာဉ်များဖြင့်ပို့ဆောင်

နေပြည်တော် ဩဂုတ် ၃

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများသည် ကျောက်ခတ်ဒေသအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား အခကြေးငွေရယူ၍ အကာအကွယ်ပေးထားသည့် KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၆၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၃ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၁၁ ဦး စုစုပေါင်း ၇၇၇ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် star link ဗန်း ၁ ခု၊ ကွန်ပျူတာမျိုးစုံ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား မြဝတီမြို့သို့ပို့ဆောင်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှုပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၂၁၀ ဦးခန့်အား ဇူလိုင်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ နေရပ်ပြန်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေများရယူကာ မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး ကျောက်ခတ် - ဝေါလေ လမ်းကြောင်းအတိုင်း ဝေါလေ၏အနောက်တောင်ဘက် မီတာ ၂၆၀၀ ခန့်အကွာ မြန်မာ - ထိုင်း နယ်စပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် မြန်မာ - ထိုင်းနယ်စပ်အားဖြတ်သန်း၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကိုဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။