Skip to main content

နိုင်ငံ့အကျိုးစီးပွား ပြန်လည်တည့်မတ်ဆောင်ရွက်

ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာ၌ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ် အပြန်အလှန်ထိန်းညှိပြီး တည့်မတ်ခိုင်မာအောင် ဆောင်ရွက်ကြသည်။ နိုင်ငံ တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေပြုရေး မဏ္ဍိုင်မှ ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်အသီးသီးတွင် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ကြသည်။ ထိုသို့ ဆွေးနွေးဆုံးဖြတ် ကြရာ၌ လုပ်ငန်းဘတ်ဂျက်များ၊ စီမံကိန်းလုပ်ငန်းများကို အတည်ပြုပေးသည် လည်းရှိသည်။ လျှော့ချသည် လည်းရှိသည်။ အချို့ကိစ္စများတွင် အများပြည်သူ အကျိုးစီးပွားနှင့် စပ်လျဉ်း၍ ဆိုင်းငံ့ထားသည့် စီမံကိန်းများလည်းရှိသည်။

နိုင်ငံအကျိုးစီးပွားအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လက်တွေ့နယ်ပယ်တွင် ရှုထောင့် ပေါင်းစုံမှတွက်ချက်ပြီး စီမံကိန်း လုပ်ငန်းအောင်မြင်အောင် ရေးဆွဲဆောင်ရွက်ကြသည်။ တွက်ချက်ဆောင်ရွက်ထားသော လုပ်ငန်းများ၊ စီမံကိန်းများကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်ရာတွင် အချို့စီမံကိန်းများမှာ ဝေဖန် ထောက်ပြမှု၊ ကန့်ကွက်ပယ်ချမှုများနှင့် ကြုံကြရသည်။ ထိုအခါဘဏ္ဍာငွေကြေး အမြောက်အမြား အကုန်အကျခံကာ ဆောင်ရွက် ခဲ့သောစီမံကိန်းများ ရပ်တန့်သွားပြီး ဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်ကြရသည်။ တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည် စီးပွားရေးမှာ ရှေ့ဆက်မတိုးနိုင်ဘဲ လှေလှော်ရင်းတက်ကျိုးရသလို အဖြစ်များရှိခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများနှင့် လုပ်ကိုင်ကြသောစီမံကိန်းများ ထိခိုက်နစ်နာကြကာ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်မှုပျက်ပြားခဲ့သည်။

သာဓကအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တည်ဆောက် အကောင်အထည်ဖော်ခဲ့သော အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းသည် စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရာခိုင်နှုန်း ပြီးစီးခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်တက်လာသော အစိုးရလက်ထက်ကာလ ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့နောက် မဆင်ခြင်သော သုံးသပ်မှုများနှင့် ဆုံးဖြတ်မှုများ ကြောင့် စီမံကိန်းတည်ဆောက်မှု လုပ်ငန်းများ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ အဆိုပါ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ (TPE) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သော စီမံကိန်းဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ခဲ့သည်။ ယခုအခါစီမံကိန်းရပ်ဆိုင်းထားသည်မှာ လေးနှစ်နှင့် ခြောက်လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့နောက်ဆင်ခြင်နိုင်မှု၊ မြော်တွေးဆုံးဖြတ်မှု အားနည်းချက်များ ကြောင့် နိုင်ငံ့အကျိုးပြု စီမံကိန်းကြီးကို ရပ်ဆိုင်း ခဲ့ရခြင်းသည် နိုင်ငံအတွက် များစွာထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သည်။ စီမံကိန်းသည် နိုင်ငံအတွက် လက်တွေ့အကျိုးဖြစ်ထွန်းနိုင်မည့် စီမံကိန်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်၌ စီမံကိန်းကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းများစတင်နေပြီဖြစ်သည်။ စီမံကိန်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် စတင်လည်ပတ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီမံကိန်းကြီးသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်ခဲ့သည့် သံနှင့်သံမဏိစက်ရုံ စီမံကိန်းကြီး ဖြစ်သည်။ စီမံကိန်းကြီးပြီးစီးပါက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိ ထုတ်ကုန်များကို ပြည်ပ သွင်းကုန်အဖြစ် တင်သွင်းရန်မလိုအပ်တော့ဘဲ ပြည်တွင်းသံနှင့်သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည် ဖြစ်သည်။ နိုင်ငံခြားငွေ အပိုကုန်ကျမှုမရှိတော့ဘဲ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ခြင်း၊ ခိုင်မာသည့် ဈေးကွက်ရှိခြင်းတို့ကြောင့် အဆိုပါစီမံကိန်းကို မဖြစ်မနေ အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်။

နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံအား သတ်မှတ်ရက်အတွင်း စတင်လည်ပတ်၍ သံမဏိ ထုတ်လုပ်မှုအား အမြန်ဆုံးဆောင်ရွက် နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သတ္တုမိုင်းများ၊ စက်ရုံမှ ထွက်ရှိသည့် သတ္တုရိုင်းများနှင့် သံမဏိ များအား ငွေကုန်ကြေးကျသက်သာစွာဖြင့် သယ်ယူနိုင်ရေး လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရန် အတွက် ရထားလမ်းများ စနစ်တကျတည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အားများ မပြတ်ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားထားသည်။ ထို့ကြောင့် အဆိုပါစီမံကိန်းကြီး အကောင်အထည် ပေါ်လာပါက နိုင်ငံအတွက် များစွာအကျိုးစီးပွား ဖြစ်ထွန်းလာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ရှေးရှုဆောင်ရွက်ခဲ့သော စီမံကိန်းများ ပြန်လည်တည့်မတ်၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ မြင့်မားတိုးတက် လာမည် ဖြစ်ပါကြောင်း။ ။