ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း နိုင်ငံတော် ဓာတ်အားစနစ် မရောက်ရှိသေးသော ကျေးရွာ(၁၇)ရွာသို့ မာန်မြင့်ဟိန်းကုမ္ပဏီလီမီတက်မှ (၂၄)နာရီပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီက တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ ဘောလုံး အားကစားကွင်း၌ ပြုလုပ် ကျင်းပသည်။
အဆိုပါ လျှပ်စစ်ဓာတ်ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က ထပ်ဆင့်အမှာစကား ပြောကြားသည်။
ထို့နောက်မာန်မြင့်ဟိန်းကုမ္ပဏီလီမီတက်မှဒါရိုက်တာ ဦးခင်ဇော်က ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က တံခွန်တိုင် ခလယ် တောင်ဒီထိမံထို ကျုံခဝန် ဖားပြကျေးရွာ(၆)ရွာရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ဘင်ခရာတီးဝိုင်းပစ္စည်းများကိုထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကျောင်းများမှ ဆရာ/ဆရာမများက လက်ခံ ရယူ သည်။
ယင်းနောက် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း အထိမ်းအမှတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျေးရွာ(၁၇)ရွာသို့ (၂၄)နာရီပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုပ်နိုပ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပုဂ္ဂလိက(၂၄)နာရီ လျှပ်စစ်ဓာတ်အားကို ကျေးရွာ(၁၇)ရွာတွင် မီတာ(၂၄၈၈)လုံး တပ်ဆင်ပြီးသဖြင့် လျှပ်စစ်မီးကိုတစ်ယူနစ်လျှင် ငွေကျပ်(၃၈၀)နှုန်းဖြင့် စတင်အသုံးပြုနိုင်ပြီး ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး