နေပြည်တော် အောက်တိုဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့်အတူ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူး အဖွဲ့ (၁) မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခချောင်းကူး၊ ပေ ၅၉၀ အရှည်ရှိ မဂွေဇ တံတားလုပ်ငန်းခွင်သို့ ရောက်ရှိကာ တံတားတည်ဆောက်ရေး လုပ်ငန်းပြီးစီးမှုကို ကြည့်ရှု လေ့လာ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဂွေဇ-ခေါင်လန်ဖူး လမ်း (၀/၀) မိုင်တိုင်မှ ဆန်းလွတ်ချက် တောင်ထိပ် (၃၂/၁) မိုင်အထိ ဖောက်လုပ်ပြီးစီးခဲ့ သည့် လမ်း၏ အခြေအနေ၊ ကျောက်ခင်းလမ်းဆောင်ရွက်ထားရှိမှု၊ တံတား၊ Box Culvert များ ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ ထပ်မံလိုအပ်မည့် မြေထိန်းနံရံများ၊ ကျောက်စီရေမြောင်းများ ဆောင်ရွက်ရမည့် အခြေအနေနှင့် မိုးရာသီကာလ မြေပြိုကျမှုများကို အချိန်နှင့် တပြေးညီ စက်/ ယန္တရားများဖြင့် ဖယ်ရှား ရှင်းလင်း ခြင်း လမ်းဘေးဝဲယာ ခြုံခုတ်ခြင်း၊ လမ်းပေါက်ဖာထေးခြင်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်မည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဆန်းလွတ်ချက် တောင်ထိပ်သို့ ရောက်ရှိပြီး တောင်ထိပ်လမ်း Level နှိမ့်ချခြင်း၊ တောင်ကြား လမ်းချဲ့ထွင်ခြင်း၊ View Point နေရာအတွက် စီမံဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ခံ အင်ဂျင်နီယာများ၊ ယာဥ်/ယန္တရားမောင်းစစ်သည် များကို တွေ့ဆုံအားပေး စကားပြောကြားသည်။
အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီဝပ်ဒမ် ကြားစခန်းမှ ဆက်လက်ထွက် ခွာခဲ့ပြီး ဇီဝပ်ဒမ်ကြားစခန်းနှင့် ရီဒမ်းကြိုးတံတား (၄၃/၁) မိုင်အကြား လမ်းကြောင်းတစ်လျှောက် မော်တော်ယာဉ်/ခြေလျင်ဖြင့် အသေးစိတ် ကြည့်ရှု စစ်ဆေး၍ လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရမည့် ကိစ္စရပ် များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီး ဌာန၊ တံတားအထူးအဖွဲ့ (၁) မှ တည်ဆောက်လျက်ရှိသော မလိခမြစ်ကူး၊ ရီဒမ်း တံတား၊ ပေ ၆၈၀ သို့ရောက်ရှိ လေ့လာကြည့်ရှုသည်။ ယင်းနောက် ရီဒမ်းတံတားနှင့် ခေါင်လန်ဖူးမြို့ (၆၅/၄) မိုင် အကြား လမ်းပိုင်းတွင် ဆောင်ရွက်လျက်ရှိသည့် လမ်းတာချဲ့ခြင်းလုပ်ငန်းများ၊ တံတားများ၊ Box Culvert များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား၍ လမ်းဖောက်လုပ်ရေးအဖွဲ့များကို တွေ့ဆုံအားပေးစကား ပြောကြားသည်။
ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိပြီး မြို့မိ/မြို့ဖများ၊ တာဝန်ရှိသူများနှင့် အတူ မြို့ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့ ခန်းမ၌ မြို့မိမြို့ဖ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေခြင်း စီမံကိန်းအပါအဝင် ခေါင်လန်ဖူးမြို့နှင့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို လည်း ကောင်း၊ နယ်မြေလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများက ပူးပေါင်း ဆောင်ရွက် ရန်လိုအပ်သည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ခေါင်လန်ဖူး မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဒေသဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပြီး ဒေသခံပြည်သူများ၊ ဌာနေ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လမ်းဖောက်လုပ်ရေး အဖွဲ့များသို့ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူးမြို့ ရေရရှိရေးစီမံကိန်းအတွက် ရေစုကန် တည်ဆောက်မည့်နေရာ၊ ရေဖြန့်ဝေသည့် ပိုက်လိုင်းသွယ်တန်းမည့် အခြေအနေ၊ အားကစားကွင်းအဆင့်မြှင့်တင်ခြင်း၊ ကားရပ်နားကွင်းနှင့် စျေးဆိုင်ခန်းများ တည်ဆောက်ရေး၊ ကိစ္စရပ်များ၊ မြို့ကွက်သစ်တိုးချဲ့ နိုင်ရေး အတွက် မြေနေရာရရှိနိုင်မည့် အခြေအနေများကို အသေးစိတ် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူးမြို့မှ ပြန်လည် ထွက်ခွာ ခဲ့ပြီး လမ်းပိုင်းတလျှောက် ခရီးသွားလုပ်ငန်း အထောက်အကူပြု View Point ရှုခင်းသာ နေရာများ၊ သဘာဝလှိုဏ်ဂူနေရာနှင့် ခရီးသွားဧည့် သည်များအတွက် တစ်ထောက်နားရပ် နေရာများ၊ စျေးဆိုင် ခန်းများ သတ်သတ်မှတ်မှတ် စနစ်တကျထားရှိနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် နောင်မွန်မြို့ ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ မြို့နယ်အုပ်ချုပ်ရေး မှူး၏ ဒေသဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)