ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် လှေလှော်၊ ဘတ်စကက်ဘောပြိုင်ပွဲများကို ယနေ့ နံနက်က သတ်မှတ်ထားသည့် နေရာများ၌ ဆက်လက်ကျင်းပသည်။ ပညာရေးဝန်ကြီးဌာနတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ် လှေလှော်ပြိုင်ပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပရာ ရိုးရာလှေပြိုင်ပွဲတွင် (အပေါ်ပုံ) အမျိုးသား၊ အမျိုးသမီး ၁၀ တက် မီတာ ၁၀၀၀၊ မီတာ၅၀၀၊ ၁၀ တက်လှော် Mixed မီတာ ၁၀၀၀၊ မီတာ ၅၀၀၊ အမျိုးသား၊ အမျိုးသမီး အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း၂၀၀ ခန့် ပါဝင် ယှဉ်ပြိုင်ကြသည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ဗိုလ်လုပွဲ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်သည်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC)၌ ရန်ကုန် တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘော ပြိုင်ပွဲအုပ်စု ပတ်လည် ပွဲစဉ်များကို ယနေ့ နံနက်က ဆက်လက်ကျင်းပရာ အမျိုးသား ပြိုင်ပွဲတွင် သတ္တဗေဒအသင်းနှင့် ရူပဗေဒအသင်း၊ ဘူမိဗေဒအသင်းနှင့် ဥပဒေပညာအသင်း၊ မြန်မာစာ အသင်းနှင့် သင်္ချာအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ရူပဗေဒအသင်းနှင့် ဓာတုဗေဒအသင်း၊ သင်္ချာအသင်းနှင့် သတ္တဗေဒအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ဆရာမများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်စိုး(မြန်မာ့အလင်း)