(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပရာ သက်ကြီးအနုပညာရှင်တို့၏ ရင်တွင်းပီတိစကားသံတို့ကို ဤသို့ ကြားသိခဲ့ရသည်။
ရုပ်ရှင်သရုပ်ဆောင် ဒေါ်ပုလဲ
နိုင်ငံတော်ဝန်ကြီးချုပ်က ဒီလိုမျိုး ပံ့ပိုးပေးမယ်ဆိုတာ လုံးဝမထင်ထားဘူး။ မျှော်လည်း မျှော်လင့်မထားဘူး ပေါ့နော်။ အိမ်ကို တပ်မတော်အရာရှိနဲ့အဖွဲ့ ရောက်လာပြီး ထောက်ပံ့ကြေး ကျပ်ငွေ ၁၀ သိန်း၊ ဆန်တစ်အိတ်၊ ဆီနဲ့ ကြက်ဥအလုံး ၅၀ လာပြီး ထောက်ပံ့တော့ အံ့ဩဝမ်းသာ ဝမ်းနည်းကြီးဖြစ်သွားတယ်။
အခုချိန်မှာ အမေတို့လို အနုပညာရှင်တွေ အခက်အခဲရှိသလို ကျန်တဲ့သူတွေလည်း အခက်အခဲရှိနေကြတာလေ။ အမေတို့ရုပ်ရှင်လောကကို မရောက်မီ ကတည်းက မြန်မာ့ရုပ်ရှင်ဟာ စည်းစည်းလုံးလုံးနဲ့ နေထိုင်ခဲ့ကြတာ။ အခုဆိုရင် မြန်မာ့ရုပ်ရှင်ရဲ့ အသိုက်ကြီးဟာ ပျက်နေ သလို ခံစားရတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ အနုပညာတာဝန်ကို ထမ်းရမှာဟာ အမေတို့လောကသားတွေရဲ့ တာဝန်ပါ။ အမေဆိုရင် နှစ် ၅၀ ရွှေရတုလည်း မီခဲ့တယ်။ အခုဆိုရင် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ တောင် ကျော်သွားပြီ။
ဒီနေ့အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အချက်သုံးချက်ကို ပြောသွားတာ အမေတို့ အလွန်အားရကြတယ်။ အခုလိုအချိန်မှာ အားလည်းတက်မိတယ်။ ဘာလဲ ဆိုတော့ အနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ လူမှုရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနဲ့ အရေးပေါ်ကိစ္စတွေရှိရင် အသိပေး အကြောင်းကြားဖို့ ပြောသွားတဲ့အခါမှာ အားကိုးတစ်ခု ရသွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်ကိစ္စ ဆိုတာ အရပ်ထဲမှာနေနေ၊ အပြင်ပဲ သွားသွား ရှိကြတာပေါ့နော်။ အလွန်ပီတိ ဖြစ်ပြီးဝမ်းသာသွားတယ်။ အားကိုးမဲ့နေ ချိန်မှာခွန်အားလည်းဖြစ်ရတယ်။ ဒီနေ့မှာ အားပေးစကားတွေ ပြောကြားသွားတဲ့ ပြန်ကြားရေးဝန်ကြီးကိုလည်း ဒေါ်ပုလဲ က အထူးကျေးဇူးတင်ပါတယ်။ ပြီးတော့ အခက်အခဲရှိနေချိန်မှာ လိုအပ်မှုကို ဖြည့်ဆည်းပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ တပ်မတော်သားအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ကွယ်။
ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း
ကျွန်မတို့ သက်ကြီးအနုပညာရှင်တွေကို နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ကြည့်တယ်။ ပြန်ကြားရေးဝန်ကြီးက လည်းကြည့်တယ်ဆိုတော့ ကျွန်မတို့အတွက် အားလည်းရှိတယ်။ မူလ ကတည်းက ကျွန်မတို့က အဖြူရောင် အနုပညာရှင်တွေပါ။ အနုပညာရှင်ဟာ အနုပညာရှင်နေရာမှာပဲ နေရမှာပါ။ ဒီနေ့မှာ ဝန်ကြီးချုပ်ကြီးနဲ့ မမကြူ တို့က ငွေကျပ်သိန်း ၁၀၀ လှူတဲ့အတွက် အထူးကို ကျေးဇူးလည်းတင်တယ်။ ကြည်နူးတယ်။ ကျေနပ်ပါတယ်။ ကျွန်မ ဝမ်းသာခြင်းသုံးမျိုးကို ခံစားထားရတာကို ဝန်ကြီးချုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ ပြောပါမယ်။ အခုလို အနုပညာရှင်သက်ကြီးပူဇော်ပွဲကို ထောက်ပံ့မှုပေးတဲ့အပေါ် အတိုင်းမသိ ကျေးဇူးတင်ရပါတယ်ကွယ်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး