ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်မြစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်က ရန်ကုန်ပန်းဆိုးတန်း/ဒလ ကူးတို့ရေယာဉ်ဆိပ် ဒလဘက်ကမ်း၌ ချယ်ရီ(၁)သင်္ဘော ထွက်ခွာစပြုနေစဉ် အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံ ဗောတံတားပေါ်သို့ ပြန်လည်ခုန်တက် မှုကြောင့် မြစ်အတွင်း ခြေချော်ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါ အမျိုးသမီးအား ချယ်ရီ(၁) ရေယာဉ်မှူး(ရေယာဉ်အုပ်-၃) ဦးမြင့်အေး က သင်္ဘောဦးခန်း တက်မစင် အပေါ်ဆုံးထပ်မှ မြစ်တွင်းသို့ ခုန်ချပြီး ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင့် ၎င်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် သင်္ဘောဆိပ်အဝိုင်းရှိ မြို့နယ်သယ်ယူပို့ဆောင်ရေးနှင့် ပင်မမော်တော်ယာဉ် ကြီးကြပ်မှုအသင်း ဒလရုံးခွဲရှေ့၌ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အသင်းဝင်များ၊ တွံတေးမြို့မှ အလှူရှင် ဦးချစ်တီး (ချစ်တီးရွှေဆိုင်+ဒေါ်ပုရွှေဆိုင်) တို့ မှ အလှူငွေကျပ်(၃)သိန်း နှင့် ဂုဏ်ပြုမှတ်တမ်းအား ရေယာဉ်မှူး ဦးမြင့်အေးထံ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဂုဏ်ပြုပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နိုင်လင်းကျော်(ဒလ)