တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် (၆)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ NCA ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ရှေးရှုကာ ပြည်သူတို့၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြမည်ဟူသောအချက်ကို ကြိုတင်သဘောတူ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ NCA ကို စတင်လက်မှတ်ရေးထိုးရာတွင် CNF ၊ ABSDF ၊ ALP ၊ RCSS ၊ KNU ၊ KNU /KNLA (PC) ၊ DKBA ၊ PNLO ဟူ၍ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ပါဝင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးလာခဲ့သည့် အတွက် စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့တို့ NCA တွင် ပါဝင်လျက်ရှိသည်။
NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်မျှသာ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တနေကြသည့် စစ်မှန်ခိုင်မာသော ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် လက်တွေ့လုပ်ဆောင်ကြရမည့် လမ်းကြောင်းလည်းဖြစ်သည်။ NCA တွင် လက်မှတ် ရေးထိုးခြင်းဖြင့် နိုင်ငံရေးပြဿနာကို လက်နက်ကိုင် တိုက်ခိုက်မည့်အစား နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဖြေရှာမည့်နည်းလမ်းကို အစားထိုးလဲလှယ်လိုက်ခြင်း ဖြစ်ရာ လက်တွေ့အားဖြင့်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ဒေသများတွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့သည့် ပကတိ အရှိတရားကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမည်ဖြစ်သည်။ သို့ရာတွင် NCA သည် ငြိမ်းချမ်းရေး ခရီးစဉ်၏ စမှတ်တစ်ခုသာ ဖြစ်သည့်အတွက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေး၊ ထိုမှတစ်ဆင့် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဆီသို့ အဆင့်ဆင့် မဆုတ်မနစ် ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်သည်။
"NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားတာမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေ၊ ကနဦး အဆိုပြုချက်တွေအပေါ် မူတည်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံးအသေးစိတ် အကျေအလည် အကြိမ်ကြိမ်ဆွေးနွေး ညှိနှိုင်းသဘောတူ ရေးဆွဲထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် အားလုံး ပိုင်ဆိုင်တဲ့စာချုပ်လည်း ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံ အားပေးမှုကိုလည်း ရရှိခဲ့တဲ့အပြင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ဂုဏ်ယူလေးစားမှုကို ရရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် NCA စာချုပ်ဟာ ကျွန်တော်တို့အတွက် အစဉ်အမြဲ အလေးထားရမယ့် မေ့ဖျောက်ပစ်လို့မရတဲ့ စာချုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် NCA စာချုပ်၏ အရေးပါမှု၊ အရေးကြီးမှု၊ လေးနက်မှုတို့ကို ထောက်ပြ ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန်ယူလျက်ရှိသည့် လက်ရှိကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ဆန့်ကျင်ဘက်တွင်လည်း နိုင်ငံကို ပျက်စီးစေလိုသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများက နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ အလုံးစုံပျက်သုဉ်းစေရန် တို့ကို ဦးတည်၍ နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်နေကြသည်ကို သတိပြုကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းတည်ဆောက်နေကြရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ထွန်းနေရေးနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် အရှိန်အဟုန်မပျက် ဆက်လက်လျှောက်လှမ်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ဦးတည်နိုင်ကြ ပါစေကြောင်း။ ။