Skip to main content

နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုတည်ဆောက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည် နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

 

သဝဏ်လွှာတွင် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်သူအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုက အခြေခံအကျဆုံးဖြစ်ပါသည်။ ခေတ်အဆက်ဆက်နိုင်ငံရေး ရင့်ကျက်ရန် လိုအပ်မှုများကြောင့် အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်သင့်သလောက် မတိုးတက်သည်ကို သင်ခန်းစာယူရပါမည်။ မိမိတို့ လက်ထက်၌ ၎င်းကိစ္စကို ကျော်လွှားနိုင်အောင် ကြိုးစားကြရပါမည်။ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် “ပညာပြည့်ဝ၊ နှလုံးလှသော” နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက်ကြရပါမည်” ဟု တိုက်တွန်းနှိုးဆော်ထားသည်။

 

နိုင်ငံ့အရေးအပေါ်တွင် ပညာ၊ အတွေ့အကြုံ၊ ဗဟုသုတဖြင့် ရှုမြင်ပုံချင်းကွဲပြား ခြားနားကြသည်။ မတူညီသော အမြင်သဘောထားများကို ပြည့်ဝသောပညာ၊ လှပသောနှလုံးသားများဖြင့် သဘောကွဲလွဲခြင်းနှင့် ကောင်းမွန်သော ဆုံမှတ်တစ်ခုသို့ ရောက်ရှိနိုင်ပေသည်။ ထို့ကြောင့် ငြိမ်းချမ်းစွာ အဖြေရှာပါ။ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာပါဟု ဆိုကြပါသည်။ သဘောမတူကြောင်းကို ရိုးသားစွာ ထုတ်ဖော်ပြောဆိုခြင်းသည် တိုးတက်မှုရှိသည်ကို ပြသရာရောက်သည်ဟု မဟတ္တမ ဂန္ဒီက ပြောဖူးသည်။ ဒီမိုကရေစီသဘောတရားအရ အမြင်မတူသဘောကွဲလွဲခွင့် ရှိသော်လည်း တိုင်းပြည် အပေါ်တွင် မူသစ္စာရှိကြရသည်။ နိုင်ငံရေး ရင့်ကျက်မှုနည်းနေသောအခါ အစိုးရလုပ်သမျှကို အမြင်မတူ ကွဲလွဲကြသည်။ အာဃာတဖြင့် ဆက်ဆံကြသည်။ နိုင်ငံရေးရင့်ကျက်မှုရှိလာသောအခါ တိုင်းပြည် အရေးအတွက် ကွဲပြားသောအမြင်များကို လက်ခံပြီး ပဋိပက္ခမဖြစ်ဘဲ အဆင်ပြေအောင် စခန်းသွားကာ လိုရာပန်းတိုင်သို့ ရောက်ရှိနိုင်သည်။

 

သဘောကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ပြေလည်အောင်ဆွေးနွေး၍ လုပ်ကိုင်သူများအချင်းချင်း နားလည်မှုပိုမိုရရှိကြပြီး အပြန်အလှန်ယုံကြည်မှုလည်း ခိုင်မာလာကြသည်။ စည်းလုံးညီညွတ်မှုလည်း ပိုမိုတိုးတက်ခိုင်မာလာသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးသည်မှ နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် ငြိမ်းချမ်းရေးမရသေးသည်မှာ နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှု အားနည်းနေသေးသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရသည် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတံခါးဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီးဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရတာဝန် ရယူထားချိန် ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေးဆွေးနွေးမှု များအား အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုထားသည်မှ အပ ကျန်သည့်အစိတ်အပိုင်းများကို ဆောင်ရွက်နိုင်သည်ဟု ပြောကြားထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဟု ချမှတ်ထားသည်။ လက်ရှိတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ရွေးကောက်ခံအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍မရနိုင်ဟု ထင်မြင်ယူဆဖွယ် ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးစီးချိန်တွင် နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များ ကသာ ရွေးကောက်ခံကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များ ဖြစ်လာမှာဖြစ်သည့်အတွက် ယခုကာလ၌ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခရီးရောက်စေမည်ဖြစ်သည်။

 

 ဒီမိုကရေစီစနစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစနစ်အရ နိုင်ငံရေးသမားများသည် တစ်နေ့တွင် နိုင်ငံ့တာဝန်ယူကြရမည့်သူများ ဖြစ်သည်။ နိုင်ငံ့အရေးအရာကိစ္စများကို ဆောင်ရွက်ကြရမည့် သူများ ဖြစ်သည်။ နိုင်ငံ့တာဝန် မရယူမီ အမြင်မတူသဘောကွဲလွဲမှုများရှိနိုင်သလို နိုင်ငံ့အရေးအတွက် အစိုးရနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရသည်များလည်းရှိသည်။ သို့မှသာ နိုင်ငံတော်အပေါ် သစ္စာရှိသော နိုင်ငံရေးသမား၊ နိုင်ငံသား ပီသမည်ဖြစ်သည်။ မတူကွဲပြားသောသူများ အားလုံးတို့သည် နိုင်ငံ့အရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် အမြင် မတူသော်လည်း အတူလက်တွဲဆောင်ရွက်ကြခြင်းဖြင့် စည်းလုံးညီညွတ်ရေးကို ဆောင်ကြဉ်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းပြည်ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး၊ တိုင်းပြည်အေးချမ်း သာယာရေးအတွက် ပညာပြည့်ဝ၊ နှလုံးလှမှုများဖြင့် နိုင်ငံရေးကို ရင့်ကျက်အောင် ကြိုးပမ်းအားထုတ်ကြပြီး တိုင်းရင်းသား ပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် အမိနိုင်ငံတော်ကြီး အကျိုးစီးပွားကို ဝိုင်းဝန်းသယ်ပိုး ထမ်းဆောင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။