နေပြည်တော် အောက်တိုဘာ ၁၇
ရာသီအလိုက်ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို ရာသီစာအဖြစ် အလေးထား စားသုံးတတ်ကြသည့် မြန်မာ့ဓလေ့ထုံးတမ်းကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ရေး၊ အစာလည်းဆေး ဆေးလည်းအစာ စားသုံးမှုကျယ်ပြန့် လာစေရန်နှင့် မြန်မာ့ဆေးဘက်ဝင် အပင်များနှင့် ပတ်သက်သော ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် ပရဆေးဥယျာဉ်သို့ရောက်ရှိ စစ်ဆေးစဉ် တာဝန်ရှိသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
နေပြည်တော် ပရဆေးဥယျာဉ်တွင် ဝန်ကြီးဌာန (၃) ခုတို့မှ ကဏ္ဍများခွဲ၍ သဘာဝ ပရဆေးပင်များ၊ ရှားပါးပရဆေးပင်များကို စိုက်ပျိုးပြုစုပြီး အများပြည်သူတို့ လေ့လာနိုင်ရေး ဆောင်ရွက်ထားရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပရဆေးပင် အမျိုးပေါင်း ၁၂၀ ကျော်ကို အဓိကတာဝန်ယူ စိုက်ပျိုးပြသလျက်ရှိသည်။ အဆိုပါ ပရဆေး ဥယျာဉ်တွင် ငှက်ဖျားရောဂါ ပျောက်ကင်းစေသော ပရဆေးပင် (၂၀) မျိုး၊ အဆုတ် (တီဘီ) ရောဂါပျောက်ကင်းစေသော ပရဆေးပင်(၂၂)မျိုး ၊ ဆေးဖက်ဝင်ဂမုန်း(၂၅)မျိုး၊ တိုင်းဒေသကြီး ပြည်နယ်များမှ ပရဆေးပင် (၂၈)မျိုး၊ ဆေးဖက်ဝင်သစ်ခွများ စိုက်ပျိုးပြသလျက်ရှိရာ အစာလည်းဆေး ဆေးလည်းအစာ ဆောင်ပုဒ်နှင့်အညီ ပြည်သူများ ရာသီအလိုက်နှင့် နေ့စဉ် စားသုံးနေသည့် ဟင်းသီး ဟင်းရွက်ပင်များပြကွက်ကို ဖြည့်စွက်ပြီး လေ့လာသူများ စိတ်ဝင်စားဖွယ်ဖြစ်စေရန်နှင့် ဥယျာဉ်ကို သာယာလှပစေရန် တိုးချဲ့ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းတွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက် များနှင့်အညီ ပြည်သူများ အစာလည်းဆေး ဆေးလည်းအစာ စားသုံးလာကြစေရေး ကြိုးပမ်းခြင်းသည် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ်ဖြစ်သည့် “ကျွန်ုပ်တို့၏ လုပ်ဆောင် ချက်များသည် ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု၊ အာဟာရ ၊ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝ” ဆိုသည့် “ကောင်း (၄) ကောင်း” (Four Betters) နှင့်အညီ စားနပ်ရိက္ခာ ထုတ်လုပ်မှုစနစ်များ ပြောင်းလဲဆောင်ရွက်သွားမည့် ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီနေ ပါကြောင်း၊ ပရဆေးဥယျာဉ်တွင် လက်ရှိ စိုက်ပျိုး ထိန်းသိမ်းထားသော အပင်များအပြင် ပိုမို ပြည့်စုံစေရန် အသစ်ထည့်သွင်း ဆောင်ရွက်မည့် စိုက်ခင်းပြကွက်များကို ကျွမ်းကျင်သူ ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အာဟာရပြည့်စုံပြီး ကျန်းမာရေး ကိုလည်း အထောက်အကူပြု သည့်အပင်များနှင့် ပတ်သက်သည့် ပညာပေးဆွေးနွေးပွဲများ ပုံမှန်ကျင်းပရေး၊ ဗဟုသုတစာပေများကို အီလက်ထရောနစ် စာအုပ်စင်အဖြစ် ဖော်ဆောင် နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ခင်းပြကွက်များ ပြုပြင်မွမ်းမံရေး၊ တိုးချဲ့ ဆောင်ရွက်ရေးနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် မြို့မဈေးအနီးရှိ ဝန်ကြီးဌာန GEC က ဆောင်ရွက် လျက်ရှိသည့် အအေးခန်းစက်ရုံကို ကြည့်ရှုစစ်ဆေးပြီး အအေးခန်းစက်ရုံ ပြန်လည်မွမ်းမံရေးနှင့် သားငါး ဟင်းသီး ဟင်းရွက် သစ်သီးဝလံများ ပြုပြင်ထုပ်ပိုး၍ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်ပြီး အစားအစာ ဘေးကင်း လုံခြုံမှုရှိစွာ ရောင်းချပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)