Skip to main content

တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်ပေး

စစ်ကိုင်း  ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို စစ်ကိုင်းမြို့နှစ်(၇၀၀)အားကစားကွင်းရှိ ဖူဆယ်ဘောလုံးကွင်းအတွင်း၌ ယနေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အနိုင်မခံအရှုံးပေးဘဲ စိတ်ဓာတ်မြင့်မားစွာ ယှဉ်ပြိုင်ကစားသွားကြစေလိုပြီး အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံတော်ကအားထားရမဲ့ ကစားသမားကောင်းများဖြစ်အောင် ကြိုးစားကစား သွားကြစေလိုကြောင်း ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

ထိုနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်များ ရွတ်ဆိုခဲ့ကြပြီး ဖွင့်ပွဲနေ့ ပွဲစဉ်(၁)အဖြစ် စစ်ကိုင်းအမျိုးသား အသင်းနှင့် မုံရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါ ဖူဆယ်ဘော့လုံးပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ အမျိုးသား/ အမျိုးသမီးအသင်းများပါဝင်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်းသိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)