Skip to main content

လူတိုင်းကိုယ်စီ ခြိုးခြံချွေတာ

"ရေကိုမူလ ချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး၊ လောင်စာကိုပါ ချွေတာပါ”။

နိုင်ငံအစိုးရများက ပြည်တွင်းပြည်ပ အခြေအနေများအရ လိုအပ်လာသည့်အခါ မိမိနိုင်ငံအတွင်း ခြိုးခြံချွေတာရေးလမ်းစဉ်များကို ချမှတ်လေ့ရှိသည်။ သို့ရာတွင် ခြိုးခြံချွေတာရေးလမ်းစဉ်ဟူ သည် ဖျားနာနေသူကို ဆေးခါးတိုက်သည့်နှယ် လူကြိုက်မများသည့်၊ ပေါ်ပြူလာမဖြစ်သည့် လမ်းစဉ်မျိုးဖြစ်သည်။ ဆေးခါးတိုက်ခြင်းသည် အဖျားပျောက်စေရန်ဖြစ်သည်ကို သိနားလည်စွာ ဖြင့် ကြိတ်မှိက်သောက်သည့် ဝေဒနာရှင်များရှိသလိုရုန်းကန် ငြင်းဆန်သူများလည်း ရှိနိုင်သည် သာဖြစ်သည်။ အထက်တွင်ဖော်ပြ ခဲ့သည့် ရေ၊ လျှပ်စစ်နှင့် လောင်စာချွေတာရေး ဆောင်ပုဒ် ကလေးမှာ မြို့နေပြည်သူအများစုတို့ စည်းကမ်းမဲ့သုံးစွဲမှုနှင့် လေလွင့်ပြုန်းတီးမှုတို့ကြောင့် တစ်ခေတ် တစ်ခါကသတိပေးနှိုးဆော်ခဲ့သည့် ဆောင်ပုဒ်ကလေးပင်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ပြီးကာလ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ခြိုးခြံချွေတာရေးလမ်းစဉ်ကို ချမှတ် ကျင့်သုံးခဲ့ကြရာ စားချင်တိုင်း မစားကြရ၊ ဝတ်ချင်တိုင်း မဝတ်ကြရဘဲ အကန့်အသတ်ဖြင့်သာ စားကြရ၊ ဝတ်ကြရသည်။ ရိက္ခာရာရှင်စနစ်ကို ကျင့်သုံး ခဲ့ကြရသည်။ တစ်ဖက်ကလည်း တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ကြိုးပမ်း အလုပ်လုပ်ကြ ရသည်။ ယင်းနိုင်ငံများမှာ ယခုအခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံများအဖြစ် ရပ်တည်လျက် ရှိသည်။ မြန်မာနိုင်ငံသည်လည်း ဒုတိယ ကမ္ဘာစစ်ကာလတွင် စစ်မြေပြင် ဖြစ်ခဲ့ပြီး လွန်စွာအထိနာခဲ့သည့်အတွက် လွတ်လပ်ရေးရပြီး ကာလတွင် ပြန်လည်ထူထောင်နိုင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းက "လူတွေဟာ အင်မတန်ကြိုးခြံသည်းခံပြီး ဇွဲနပဲနဲ့ စိစစ် ဆောင်ရွက်လုပ်ကိုင်နိုင်မှ လောင်စာကျပြီး ပြာပုံအတိဖြစ်နေတဲ့ ဗမာပြည်ကြီးကို စည်ပင်သာယာဝပြောအောင် မနည်းကျုပ်တို့လုပ်ရလိမ့်မယ်၊ ကျုပ်တို့ဟာလူထုခေါင်းဆောင် တွေ ဆိုလို့ရှိရင်လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြပြီး သတ္တိရှိရှိ လုပ်ပြရလိမ့်မယ်” ဟူ၍ မိန့်ကြားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့က ပြောကြားခဲ့ သည့် ဗိုလ်ချုပ်၏မိန့်ခွန်းတစ်နေရာတွင် "အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ ပြောတယ်၊ ဆီမရှိ မစားနိုင်တာတော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက်သုံးနေကြ သလဲ။ ဗုံးပေါလအောသုံးသလား။ မသုံးဘူးလား။ ဈေးတွေသွားကြည့်စမ်း။ အိမ်တွေ သွားကြည့်ပါ။ ဗုံးပေါလအောသုံးတာလား။ မသုံးဘူးလား။ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကို ဒီလို ဗုံးပေါ လအော သုံးနိုင်သလား။ မသုံးနိုင်ဘူးလား။ ခင်ဗျားတို့ ဆီတွေကို ဗုံးပေါလအောသုံးနေတာခင်ဗျားတို့ စိတ်ထဲမှာဘာမှအရေးမကြီးဘူး လို့ထင်တယ်။ အဲဒီလို ဗုံးပေါလအောသုံးတဲ့အတွက် ကုလားပြည်က နေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ကို နှစ်စဉ်နှစ်စဉ် ဆီတွေ အမြောက်အမြားသွင်းပြီး နေရတယ်”ဟူ၍ ပြောကြားခဲ့ရာ မြန်မာ ပြည်သူတို့၏ ယနေ့ခေတ် ဆီစားသုံးသည့်နှုန်းမှာမူ လွတ်လပ်ရေး မရမီကထက် များစွာပိုလွန်နေပြီ ဖြစ်သည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ် ချမှတ်၍ နိုင်ငံသာယာ ဝပြောရေး၊ စားရေရိက္ခာပေါများရေး ဦးစားပေးဆောင်ရွက်လျက် ရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်းရှိပြီး ပြည်ပမှ တင်သွင်းနေသည့် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ သံမဏိတို့ကို သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရန် တွန်းအား ပေးလျက်ရှိသည်။ ထို့ပြင် "၂၀၂၀-၂၀၂၁ ဘတ်ဂျက်ကာလအတွင်း နိုင်ငံခြားပို့ကုန် သွင်းကုန် လုပ်ငန်းများတွင် နိုင်ငံခြားငွေများ ပိုလျှံမှုရှိကြောင်း၊ မိမိကို ချွေတာ၍ရသည့် လုပ်ငန်းများတွင် ယခုထက်ပိုမို ချွေတာမည် ဆိုပါက ယခုထက်ပိုမို၍ ပိုငွေများပြား လာနိုင်ကြောင်း၊ ဥပမာ အားဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုများပမာဏအားဖြင့် များပြား ခဲ့သဖြင့် လျှော့ချရန် လိုကြောင်း၊ ပြည်တွင်းဆီစားသုံးမှုနှုန်းမှာ မြင့်မားလျက်ရှိပြီး၊ လျှော့ချနိုင်ပါက ကုန်သွယ်မှု ပိုငွေများ ယခုထက် ပိုမိုများပြား လာမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီသုံးစွဲမှုများအား လျှော့ချရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ အတိက်နှင့် ပစ္စုပ္ပန်ကာလ နိုင်ငံ့ခေါင်းဆောင်များ၏ ခြိုးခြံချွေတာရေး လမ်းစဉ်များနှင့် နိုင်ငံ၏ ပကတိအခြေအနေတို့အပေါ် ဆင်ခြင်သုံးသပ်ကာ လူတိုင်းကိုယ်စီက ဆီစားသုံးမှုလျှော့ချခြင်းအားဖြင့် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးပြုနိုင်ကြပါစေကြောင်း။ ။