နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ကြိုးပမ်းတည်ဆောက်နေသော အချိန်အခါတွင် ပြည်ပရောက် ဒီမိုကရေစီအရေခြုံ အမျိုးသားသစ္စာဖောက် များနှင့် သွေးထိုးမြှောက်ပင့်ပေးနေသော ပြည်ပနိုင်ငံအဖွဲ့ အစည်းအချို့ ပူးပေါင်းလျက် မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် နည်းလမ်း အမျိုးမျိုးဖြင့် ဝင်ရောက် စွက်ဖက်နှောင့်ယှက်နေကြသည်ကို တွေ့ရသည်။
ပြည်ပနိုင်ငံအချို့မှ အစိုးရတာဝန်ရှိသူအချို့နှင့် လွှတ်တော်အမတ်အချို့တို့သည် မြန်မာနိုင်ငံ အစိုးရက တရားမဝင်အဖွဲ့အစည်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်ထုတ်ပြန် ကြေညာထားသည့် CRPH NUG နှင့် လက်အောက်ခံ အဖွဲ့အစည်းများအား ထိတွေ့ ဆက်သွယ် ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ ထောက်ခံအားပေးခြင်းနှင့် ၎င်းတို့၏လွှတ်တော်များတွင် ဆွေးနွေးတင်ပြ အတည်ပြုခြင်းတို့အား ပြုလုပ်နေကြသည်ကို တွေ့ရသည်။
မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံတွင် NUG ကို ကိုယ်စားလှယ်ရုံးဖွင့်လှစ် ခွင့်ပေးခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံ အာဏာရပါတီ က အသိအမှတ်ပြုကြောင်း၊ သတင်းထုတ်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့အာဏာရပါတီကသတင်းထုတ်ပြန်သည်ကို ကိုရီးယား သမ္မတနိုင်ငံအစိုးရက တရားဝင်ထုတ်ပြန်သကဲ့သို့ ပြည်ပသတင်းဌာနများက ထင်ယောင်ထင်မှား သတင်းထုတ်လွှင့် ခဲ့သလို ကိုရီးယားသမ္မတနိုင်ငံမှ NUG ကိုယ်စားလှယ်ရုံးကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အမှတ်တံဆိပ်ကို အသုံးပြုကာ တရားဝင်မြန်မာကိုယ်စားလှယ်ရုံး သဖွယ် ထပ်မံ သတင်းထုတ်ပြန်ခဲ့သည်မှာ မြန်မာနိုင်ငံအား ထိပါးစော်ကား လိုက်ခြင်း ဖြစ်ပေသည်။
ယင်းသို့ ဆောင်ရွက်ခြင်းမျိုးများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒကို လျစ်လျူရှုခြင်းမပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်မှန်စွာမျှော်လင့်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။ သတင်း ထုတ်ပြန်ချက်တွင် နိုင်ငံခြားသံရုံးများမှ သံတမန်အချို့နှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းအရင်းအမြစ် များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက် အဖွဲ့အစည်းများထံမှရရှိသော လိုရာဆွဲသည့်စွပ်စွဲချက်များ၊ မှန်ကန်မှုမရှိသော တစ်ဖက်သတ် သတင်းအချက်အလက်များအပေါ် အခြေခံကာ ဝေဖန်ပြောကြားချက်များ၊ ထုတ်ပြန်ကြေညာချက်များ ပြုလုပ်နေသည်ကို တွေ့ရသည်။
ထိုသို့ပြုမူလုပ်ကိုင်ဆောင်ရွက်မှုများသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်သည့်အပြင် ၎င်းတို့ လက်ခံအားပေးထောက်ခံနေ သည့် CRPH NUG နှင့် လက်အောက်ခံအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ထုတ်ပြန်ကြေညာထား သည့်အဖွဲ့အစည်းများ ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်နေသည်။ အကြမ်းဖက်အားပေးသည့် သဘောသက်ရောက်နေသော ပြည်ပနိုင်ငံအချို့သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ အမှန်ဟုထင်ကာ လက်ခံအားပေးနေခြင်းသည် ပြည်ပအထောက်အပံ့နှင့် ရပ်တည်နေသည့် ပြည်တွင်းမီဒီယာများ၊ အဆိုးမြင်ပြည်ပမီဒီယာများ၏ သတင်းတု၊ သတင်းမှားများအပေါ်အခြေခံကာ လုပ်ဆောင်နေခြင်းဖြစ်သည်။
CRPH NUG နှင့် လက်အောက်ခံအဖွဲ့အစည်းများအား ထိုသို့အားပေးကူညီပေး နေခြင်းသည် ကမ္ဘာ့နိုင်ငံအားလုံးက လက်မခံသည့်အကြမ်းဖက်မှုများကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင်တိုက်ခိုက်သတ်ဖြတ်မှုများ တိုးပွားလာအောင် လုပ်ဆောင်ရာ ရောက်ပေသည်။ ကမ္ဘာသူ ကမ္ဘာသား အများပြည်သူတို့ လက်ခံနားလည်ထားသည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အကြမ်းမဖက်ရေးကို မျက်နှာဖုံးစွပ်ပြီး မြန်မာနိုင်ငံပျက်စီးရေး ကို ကြံစည်နေခြင်း သာဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးထောက်ခံ ကူညီခြင်းဖြင့် မြန်မာနိုင်ငံသည် စစ်မှန်သည့်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိ သွားမည်မဟုတ်ပေ။ အကြမ်းဖက်မှုများ အမြစ်တွယ်ပြီး မြန်မာနိုင်ငံပျက်စီးခြင်း သို့သာ ဦးတည်နေသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့်အလှမ်းဝေးသည့် ပြည်ပနိုင်ငံကြီးအချို့က ၎င်းတို့၏ နိုင်ငံတွင် အကြမ်းဖက်အဖွဲ့ CRPH NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အခြေစိုက် ကိုယ်စားလှယ်ရုံးများ လက်ခံဖွင့်လှစ်ပေးခြင်းသည် နိုင်ငံတကာ ကျင့်၀တ်များကို ဖောက်ဖျက် ရာရောက်သည့်အပြင် အကြမ်းဖက်သမားအားပေးရာ ရောက်သဖြင့် မြန်မာနိုင်ငံအနေဖြင့် ယင်းသို့ ပြည်ပမှ စွက်ဖက်နှောင့်ယှက်မှုတို့ကို လုံးဝလက်မခံ ဆန့်ကျင်ကန့်ကွက်ပါကြောင်း။ ။