နေပြည်တော် ဖေဖော်ဝါရီ ၂၄
ဒုတိအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းဝေးဒသမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြားအရင်းအမြစ်များ တင်ပြ တောင်းခံရန်နှင့် ပြည်ထောင်စုအစိုးရက ပံ့ပိုးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က တစ်နိုင်ငံလုံး၏ တရားရုံးများအတွက် ခွဲဝေချထားပေးသည့် ရန်ပုံငွေစာရင်းအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်သည် တစ်ပြည်လုံးအသုံးစရိတ်၏ ၀ ဒသမ ၁၃၁ ရာခိုင်နှုန်းဖြစ်ပြီး သာမန် အသုံးစရိတ်၏ ဝဒသမ ၁၀၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တစ်ပြည်လုံး အသုံးစရိတ်၏ ၀ ဒသမ ၁၁၄ ရာခိုင်နှုန်းနှင့် သာမန်အသုံး စရိတ် ၀ ဒသမ ၀၉၅ ရာခိုင်နှုန်းကို ခွဲဝေရ ရှိပါ ကြောင်း၊ ရရှိသည့် ရန်ပုံငွေအပေါ်မူတည်၍ ဝန်ထမ်းအင်အားတိုးချဲ့ခြင်းနှင့် လိုအပ်သည့် အထောက် အကူ ပစ္စည်းများကို ဖြည့်တင်းလျက် ရှိပါကြောင်း။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ခေတ်မီသည့် အထောက်အကူ ပစ္စည်းအရင်းအမြစ်များနှင့် ခေတ်မီသည့် နည်းပညာများကို သုံးစွဲခြင်းဖြင့် လိုအပ်သည့် ဝန်ထမ်းအင်အားကို လျှော့ချနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ တဖက် တွင်လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့်အညီ နှစ်စဉ်ရန်ပုံငွေကို တောင်းခံလျက်ရှိပါကြောင်းနှင့် တောင်းခံရရှိသည့် ရန်ပုံငွေအလိုက် ဝန်ထမ်း အင်အား ဖြည့်ဆည်းခြင်းနှင့် လိုအပ်သည့် အထောက်အကူပြုအရင်းအမြစ်များကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။
ဆော့လော် မဲဆန္ဒနယ်မှ ဦးလာမာလေး၏ ကချင်ပြည်နယ်တရားလွှတ်တော် အဆောက်အဦအသစ် သီးခြား ဆောက်လုပ်နိုင်ရန် မြေနေရာ ရရှိရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေကွက်အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ကချင်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် သီးခြား ဆောက်လုပ် နိုင် ရန် မြစ်ကြီးနားမြို့နယ် မန်ခိန်ရပ်ကွက် ကွင်းအမှတ် (၄/ ယောရင်ကွင်း)၊ ဦးပိုင် အမှတ်(၃၅/၂-င) ဧရိယာ ပေ (၂၀၀× ၇၀၀) (၃ ဒသမ ၂၂၄)ဧကရှိ မြေနေရာရရှိရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ တင်ပြ တောင်းခံထားပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကချင်ပြည်နယ် တရားလွှတ်တော်ရုံးမှ အဆောက်အဦသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိရေး တင်ပြတောင်းခံမှုနှင့် စပ်လျဉ်း၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ပိုင် မြစ်ကြီးနား မြို့၊ မန်ခိန်ရပ် ကွက်၊ ကွင်းအမှတ်(၄)ယောရင်ကွင်း၊ ဦးပိုင်အမှတ် (၃၅/ ၂ င) ဧရိယာ ၃ ဒသမ ၂၂၄ ဧကရှိ မြေကွက်တွင် ကချင်ပြည်နယ် တရားလွှတ်တော်ရုံးအဆောက်အဦအသစ် ဆောက်လုပ် ခွင့်ကို ခွင့်ပြု ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းမြေနေရာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) အမည်ပေါက်အတိုင်းသာ ဆက်လက်ထားရှိ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဝန်းသို မဲဆန္ဒနယ်မှ ဦးနေစိုးအောင်၏ ဝန်းသိုမြို့နယ်၊ တောင်ကုန်းကျေးရွာ အုပ်စု၊ ကျောက်ပါးစပ် ကျေးရွာ အား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ကျောက်ပါးစပ် ကျေးရွာအား တရားဝင်အမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ် နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ရရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးရွာသစ် ဖွဲ့စည်းခြင်း အမှုတွဲအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များ နှင့်အညီတင်ပြ ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာဆလိုင်းရီယန်းဗဲလ်၏ ဖလမ်းမြို့နယ်၊ သီးဆင်အုပ်စု၊ ဝေဠုဝန်စခန်းကို ဒေသခံပြည်သူများ၏ အခေါ် အဝေါ်နှင့် ကိုက်ညီသော ဗားလုံ (Valung) ကျေးရွာအဖြစ် ပြောင်းလဲပြင် ဆင်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ဖလမ်းမြို့နယ်၊ သီးဆင် ကျေးရွာအုပ်စု ဝေဠုဝန်စခန်းအား ဗားလုံကျေးရွာအဖြစ် ကျေးရွာအမည် ပြောင်းလဲ သတ်မှတ်နိုင်ရေးအတွက် လက်ရှိအချိန်တွင် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်း နှင့်အညီ အမှုတွဲပြု စုဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အမှုတွဲတည်ဆောက်ပြီး တင်ပြလာပါက ဗားလုံကျေးရွာအဖြစ် စိစစ်တင်ပြဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၏ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် လက်ဆည်ကျေးရွာနှင့် ညောင်နီချောင်း ကျေးရွာ တို့တွင် (၆၆/၁၁ KVA)(5MVA) ဓာတ်အားခွဲရုံ (၂) ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခင်မောင်ဝင်း က ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၈၆ ရွာအနက်မှ ကျေးရွာ ၅၀ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၁၃၂ ကေဗွီ တညောင်ပင်မဓာတ်အားခွဲရုံမှ လက်ဆည် ကျေးရွာသို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၇မိုင်နှင့် လက်ဆည်ကျေးရွာတွင် ၆၆/ ၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန် ၃၆ ရွာ မီးလင်းရေးအတွက် ၁၃၂ ကေဗွီ တညောင်ပင်မ ဓာတ်အား ခွဲရုံမှ ညောင်နီချောင်း ကျေးရွာသို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၇ မိုင်နှင့် ညောင်နီချောင်း ကျေးရွာတွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ၁ ရုံတို့ကို တည်ဆောက် ပေးရမည်ဖြစ်ပါကြောင်း။
လက်ဆည်ကျေးရွာကို သွယ်တန်းမည့် ၆၆ ကေဗွီ ၁၇ မိုင်နှင့် ၅ အမ်ဗွီအေ ခွဲရုံ ၁ ရုံ တည်ဆောက်ရန်အတွက် လိုအပ်မည့် ကုန်ကျစရိတ်သည် ခန့်မှန်းငွေကျပ် ၄၃၅၄ ဒသမ ၈၀၆ သန်းနှင့် ညောင်နီကျေးရွာသို့ ၆၆ ကေဗွီ လိုင်း ၃၇ မိုင်နှင့် ၅ အမ်ဗွီအေ ခွဲရုံ ၁ရုံ တည်ဆောက်ရန်အတွက် လိုအပ်သည့် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၆၆၀၂ ဒသမ ၃၃၄ သန်းတို့ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် စီမံချက် ရေးဆွဲ ထားပြီးဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ပြည်သူများ လျှပ်စစ်သုံးစွဲမှု ပိုမို ကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် အလေ အလွင့်မဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး YESC (ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း) MESC (မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း) ESE တို့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၏ ဖားဆောင်း မြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံးတွင် လစ်လပ်နေသော လျှပ်စစ်ဝန်ထမ်းများအား အမြန်ဆုံးခန့်အပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရှင်းလင်းဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် မော်တော် ယာဉ်စီမံ ခန့်ခွဲမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက်သဘောတူ သင့်သည့် အချက် ၈၄ ချက်နှင့် ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၁၀၉ ချက်တို့ကို တင်ပြခြင်း၊ ပြင်ဆင်ချက် နှစ်ချက်နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီနှင့် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းတို့က ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထားရယူ၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြု ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကျင်းပမည့်ရက်နှင့် အချိန်ကို ထပ်မံ ကြေညာ မည် ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)