မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄
ကချင်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်အဖြစ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံးဝင်းအတွင်း၌ ကျင်းပပြု လုပ်သည်။
ဖွင့်ပွဲအခမ်းအနားကို သိက္ခာတော်ရဆရာ ဦးမဒိန်ဇုန်းကျန်းက ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “ကချင်ပြည်နယ်မှာ ကျောက်မျက်ပြပွဲကို တတိယအကြိမ်အဖြစ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ကချင်ပြည်နယ်၏ ဂုဏ်ဆောင် ကျောက်စိမ်းရတနာကို မြစ်ကြီးနားမြို့တွင် စျေးကွက်ပီပီပြင်ပြင် ဖြစ်ပေါ်လာဖို့ကို ယခုလိုအားလုံးက ဝိုင်းဝန်း ဆောင်ရွက်သွားရေးသည် အရေးကြီးပါကြောင်း၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေးတွင် ကချင်ပြည်နယ်သည် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ကျောက်မျက်/ ကျောက်စိမ်း ဈေးကွက် ပီပီပြင်ပြင် ပေါ်ပေါက်လာမည်ဆိုပါက ပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုမှာဖြစ်ကြောင်း၊ အမှန်တကယ်အရေးကြီးတာကတော့ ကျောက်မျက်အချောထည်၊ ပန်းချီ၊ ပန်းပုလုပ်ငန်း သင်တန်းကျောင်းတွေ ဖွင့်လှစ်သွားရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်များတွင် ကျင်းပခဲ့သည့်ပြပွဲများ၏ အားနည်းချက်/ အားသာချက် များအပေါ် သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက်ကြဖို့ လိုပါကြောင်း၊ နောင်တွင် နိုင်ငံခြားငွေဖြင့် ရောင်းချနိုင်ရေးကိုလည်း အားလုံးက ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် တတိယအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ပြပွဲ ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ဦးမင်းထွဋ်ဟန်၊ ပြည်နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းနာယက ဦးယွပ်ဇော်ခေါင် နှင့် အသင်းဥက္ကဋ္ဌ ဦးရစ်နန်ဇေလွမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်နယ်ဘက် အရာရှိများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ပြပွဲအတွင်းခင်းကျင်း ပြသထားသည့် ကျောက်စိမ်းတွဲများကို လိုက်လံကြည့်ရှုခဲ့ကြရာ ပြည်နယ်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ကြသည်။
တတိယအကြိမ်အဖြစ်ပြသသည့် ယနေ့ ကျောက်စိမ်းအရောင်းပြပွဲတွင် ကျောက်စိမ်းအတွဲရေ ၆၅၆ တွဲ ပါဝင်ပြသထားကာ အနည်းဆုံး ကြမ်းခင်းစျေး (၁၀)သိန်းနှင့် ကြမ်းခင်းစျေး ကျပ်သိန်းတစ်ထောင်ကျော်ထိရှိပြီး ၂၆ ရက်နေ့တွင် ညနေပိုင်း တင်ဒါဖွင့်ဖောက်သွားမည်ဖြစ်ပြီး (၂၇)ရက်နေ့တွင် တင်ဒါအောင်မြင်သည့် စာရင်းကို ကြေညာပေးသွားမည်ဖြစ်ကာ ကြည့်ရက်အဖြစ် (၂၄၊ ၂၅၊ ၂၆) ရက် (၃)ရက် သတ်မှတ်ပေးထားမည်ဖြစ်ကြောင်း ပြည်နယ်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
ပြည်နယ် ပြန်/ဆက်