Skip to main content

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင်ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ စာပေပညာရှင်ဆရာကြီး ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ရရှိ

 

နေပြည်တော် နိုဝင်ဘာ ၁၀

 

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးအားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ စာပေပညာရှင်ဆရာကြီး ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့အား ၂၀၂၀ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။

 

ထို့နည်းတူ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။

 

ဝတ္ထုရှည်ဆုတွင် မခြူးပွင့်ရေးသားသည့် ပျောက်ဆုံးသွားသောနှင်းစက်များ (သို့မဟုတ်) နှင်းစက်ပုံပြင်စာအုပ် (တက်တိုးစာပေ)၊ ကဗျာ(ဂန္ထဝင်)ဆုတွင် ချစ်စုအောင်ရေးသားသည့် မြင်းမိုရ်စိတ်ကူးကဗျာများစာအုပ်(စာပေဗိမာန်)၊ ကဗျာ(ခေတ်ပေါ်)ဆုတွင် အောင်ကောင်းမြစ် ရေးသားသည့် ဒီနေ့ပန်းတွေပွင့်တယ် စာအုပ် (စိတ်ကူးချိုချို)၊ စာပဒေသာဆုတွင် မြသန်းစံရေးသားသည့် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ဘဝခရီးနှင့်ဓမ္မ ဆီမီးစာအုပ်(အပ္ပမာဒစာစဉ်)၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ ဆုတွင် နိုင်ဇော်ရေးသားသည့် ရှေးဟောင်းယဉ်ကျေးမှုအစဉ်အလာ အမွေအနှစ်တက္ကသိုလ် ပညာသင်ကြားခဲ့ရာများ စာအုပ် (သီရိဝစ္ဆစာပေ)၊ ဘာသာပြန်(သုတ)ဆုတွင် ရဲမင်းဝင်းရေးသားသည့် ပစ်မှတ်စာအုပ် (သားငယ်စာပေ)၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင် ဒေါက်တာအောင်မြင့်ဦး ရေးသားသည့် စာပေပင်လယ်ထဲက ကဗျာလှိုင်းကလေးစာအုပ် (ဧရာဝဏ်စာပေတိုက်)၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုတွင် ဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာရေး) ရေးသားသည့် ကလေးကျန်းမာ ဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်မှုနှင့် ခဲဆိပ်အန္တရာယ်စာအုပ်(ရှင်မတောင်စာပေ)၊ နိုင်ငံရေးစာပေဆုတွင် မနွဲ့ရီ(မဟာဝိဇ္ဇာ) ရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးသဘောတရားအမြင်များစာအုပ် (ကနုတ်ပန်းစာပေ)၊ အင်္ဂလိပ်ဘာသာ (သုတ)ဆုတွင် Sithu Dr.Thaw Kaung ရေးသားသည့် Papers from My Shoulder Bag စာအုပ် (Myanmar Book Centre)၊ အင်္ဂလိပ်ဘာသာ(ရသ)ဆုတွင် Aye Phyu ရေးသားသည့် A Motley Collection of My Works စာအုပ် (မွန်မြတ်သူစာ)၊ ရသစာတမ်း (အက်ဆေး) စာပေဆုတွင် နိုင်ဝင်းသီရေးသားသည့် မြို့ကလေးရဲ့ အော်ပရာအက်ဆေးများစာအုပ် (သီရိဝစ္ဆစာပေ) တို့ကို ရွေးချယ်ကြောင်း ကြေညာသည်။

 

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် သိန်း ၃၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင် များနှင့် ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၈ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

 

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး တယ်လီဖုန်းအမှတ် ၀၁-၂၄၀၀၄၈နှင့် စီမံရေးရာ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅x၈)လက်မရောင်စုံ ဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့် ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

 

အဆိုပါ ဆုများကို ၁၃၈၃ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၄ ရက် (စနေနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားလမ်းရှိ၊ မြဝတီ မီဒီယာစင်တာ၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်