ကမ္ဘာပေါ်တွင် ရှေးဦးကာလက ဘိန်းကိုစတင်တွေ့ရှိပြီး အသုံးပြုရာမှစ၍ တစ်ဆင့်ထက်တစ်ဆင့် မြင့်သည့် မူးယစ်ဆေးဝါးပြဿနာ ဖြစ်လာသည်။ မူလကဘိန်းနှင့် ပတ်သက်သည့်အသုံးပြုမှုနှင့် ပတ်သက်၍ လူမှုရေးပြဿနာအဖြစ် ရှုမြင်ခဲ့ရာမှ နေနောက်ပိုင်းတွင် လူမှုရေးနယ်ပယ်တွင်သာမက နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များတွင်ပါ အသုံးချလာကြသည်ကို တွေ့ရသည်။ မူးယစ်ဆေးဝါးကို လူမှုရေးပြဿနာအဖြစ် ထိန်းချုပ်တိုက်ဖျက်ခြင်းမပြုဘဲ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွင် အသုံးချ နေသရွေ့ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာပေါ်မှ မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးပြဿနာမှာ အလွန်ကြီးမားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး ပြဿနာကို အစိုးရအဆက်ဆက် ခေတ်အဆက်ဆက်၌ တိုက်ဖျက်နေသော်လည်း အမြစ်မပြတ်နိုင်ဘဲ တစ်နေ့တခြားကြီးထွားနေခြင်း၏ အကြောင်းရင်းဇာစ်မြစ်သည် ကိုလိုနီခေတ်က စခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ တရားဝင်ဘိန်းစိုက်ပျိုးမှုကို ဗြိတိသျှနယ်ချဲ့တို့အားပေးမှုကြောင့် ရွှေတြိဂံဒေသတွင် စတင်အမြစ်တွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် ပြည်ပကျူးကျော် ဝင်ရောက်လာမှုနှင့် စွက်ဖက်မှုများကြောင့် အဆိုပါဒေသတွင် ဘိန်းစိုက်ပျိုးမှုသာမက မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်လုပ်ငန်းများ ကျယ်ပြန့်ကြီးထွားလာခဲ့သည်။
မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ခုမက ဖြစ်တည်လာခဲ့သော တရားမဝင်ဘိန်း စိုက်ပျိုးမှုသည် နယ်စပ်ဒေသနေ ရိုးသားသော တောင်ပေါ်တိုင်းရင်းသားများနှင့် ဆက်စပ်နေသည့်အတွက် နိုင်ငံတော်က ဘိန်းစိုက်ပျိုးမှုချုပ်ငြိမ်းပပျောက်ရေးကို သိမ်မွေ့နက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။ သို့သော် ဘိန်းမှဖြစ်ပေါ်လာသည့် မူးယစ်ဆေးဝါး အကျိုးအမြတ်များမှာ များပြားလှသဖြင့် အဆိုပါဒေသရှိ လက်နက် ကိုင်အဖွဲ့အချို့က မူးယစ်ဆေးဝါးကို အမျိုးမျိုးအသုံးချလာခဲ့ရာ ယနေ့အချိန်အခါ တွင် မူးယစ်ဆေးဝါးပြဿနာသည် လူမှုရေးပြဿနာသာမက စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်တွင် ကြီးမားကျယ်ပြန့်စွာ ပျံ့နှံ့စိမ့်ဝင်နေသည်ကို တွေ့ရသည်။
ယခုအခါ နေ့စဉ်နှင့်အမျှ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအမျိုးမျိုး ဖမ်းဆီးရမိသည့်သတင်းများ တွေ့နေရသည်။ ပြီးခဲ့သည့်ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိသည့်သတင်းများ တွေ့ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ မြို့နယ်အချို့တွင် မူးယစ်ဆေးဝါး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်ရမိခဲ့သည်။ ယနေ့ကာလတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် နယ်စပ်ဒေသတွင်သာမက တိုင်းဒေသကြီးနှင့်ပြည်နယ် ဆေးဝါးများကို ယခင်ထက် ပိုမိုဖမ်းဆီးရမိနေသည်မှာ ထူးခြားသောအချက်ဖြစ်သည်။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပေါ် မြန်မာနိုင်ငံ သာမက ကမ္ဘာ့နိုင်ငံများက စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည်။ ထိုအချိန်ကာလတွင် နိုင်ငံရေးရေချိန်မြင့်မားလာအောင် ဖန်တီးရေးနှင့် နိုင်ငံရေး၊ အကြမ်းဖက် တိုက်ခိုက်ရေးလှုပ်ရှားမှုများတွင် မူးယစ်ဆေးဝါးကို အသုံးချလာကြသည်။ နိုင်ငံရေးကို အကြောင်းပြု၍ ဆူပူလှုပ်ရှားမှုများ၊ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ရာတွင် ပြစ်မှုအများစုသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသည်ကို တွေ့ရှိ လာသည်။ ယနေ့နိုင်ငံရေးထူးခြားဖြစ်စဉ်များ ဖြစ်ပွားရခြင်းအကြောင်းရင်းများတွင် နိုင်ငံရေး သမားများက လူငယ်လူရွယ်များနှင့် အသိမဲ့ပြည်သူအချို့အား သွေးထိုး လှုံ့ဆော်ထောက်ပံ့ အားပေးမှုတွင် မူးယစ်ဆေးဝါးပါဝင်သည်။ သာမန်ပြည်သူများအနေဖြင့် မည်သည့်စိတ်ခံစားချက် ရှိသည်ဖြစ်စေ အန္တရာယ်များသည့် အကြမ်းတိုက်ခိုက်သတ်ဖြတ်မှုကို လုပ်ကိုင်ကြခြင်းမရှိပေ။ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်း၏ အဓိကတွန်းအားမှာ မူးယစ်ဆေးဝါးဖြစ်၍ ယင်းကို နိုင်ငံရေးတွင် အမြတ်ထုတ်လာကြသည်ကို တွေ့ရသည်။ မကြာသေးမီက ဖမ်းဆီးရမိသည့် ထူးခြားဖြစ်စဉ်များ၌ အကြမ်းဖက်သမားအများစုမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြသည်ကို စိစစ်တွေ့ရှိရသည်။ မူးယစ်ဆေးဝါး စတင်ထွက်ရှိရာ သောင်းကျန်းသူနယ်မြေများတွင် တရားမဝင် ငွေကြေးနှင့် လက်နက်ရောင်းဝယ်ရေးများ ပြုလုပ်လာကြပြီး နိုင်ငံရေးအသုံးချခံ လူငယ်လူရွယ်များအား မူးယစ်ဆေးဝါး ဖြန့်ဝေပေးပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် အကြမ်းဖက် လုပ်ရပ်များ တိုက်ဖျက်ရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးနှင့် တည်ငြိမ်အေးချမ်းမှု စစ်ဆင်ရေးများကို ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါး နှိမ်နှင်းရေးအား တစ်ပြိုင်တည်း ပြုလုပ်နေသည်ကိုတွေ့ရသည်။ “နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်ရောဂါ ကင်းဝေးရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တစ်ဖက်ကလည်း အလွန်အရေးကြီးသော မူးယစ်ဆေးဝါးနှိမ်နှင်းရေးကို ယခင်ထက်မက ထိရောက်စွာ တိုက်ဖျက်လျက်ရှိသဖြင့် မူးယစ်ဆေးဝါး အမျိုးမျိုးတို့ကို စံချိန်တင် ဖမ်းဆီးနိုင်ခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များက ၎င်းတို့အာဏာရရှိရေးအတွက် မူးယစ်ဆေးဝါး အသုံးချလာမှုများကို အထင်အရှား တွေ့ရှိလာရသည်ဖြစ်ရာ နိုင်ငံရေးသမား၊ တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် လမ်းမှားရောက်နေသော ပြည်သူအချို့၏ နွေဦးတော်လှန်ရေး အသုံးချလက်နက်ဖြစ်သည့် အန္တရာယ် ကြီးမားသော မူးယစ်ဆေးဝါးများအား နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းတိုက်ဖျက်တားဆီး နှိမ်နင်းကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။