မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသောနိုင်ငံဖြစ်သည်။ သမိုင်းအစဉ်အဆက် နှစ်ပေါင်းထောင်ချီ၍ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မရှိအတူ ရှိအတူ အေးအတူပူအမျှ နေထိုင်ကြသည်။ အစဉ်အဆက်ကျင့်သုံးခဲ့သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများနှင့် နှစ်လိုဖွယ်နေထိုင်ခဲ့သည်။ ဗုဒ္ဓသာသနာသည် မြတ်စွာဘုရားရှင် ပေါ်ထွန်းပြီးနောက် ပုဂံခေတ်မှ စ၍ ဘာသာ၊ သာသနာထွန်းကားလာခဲ့သည်။
တစ်နိုင်ငံလုံးတွင် စေတီ၊ ဘုရား၊ ကျောင်းကန်များနှင့် ဥတုရာသီ၊ သာယာလှပသည့် သဘာဝ ပတ်ဝန်းကျင်များ ဖြစ်ထွန်းခဲ့သည်။ ရေခံမြေခံကောင်းများနှင့် ယဉ်ကျေးမှုအစဉ်အလာ ကိုးကွယ်ဆည်းကပ်ရာများ ပေါင်းစပ်လိုက်သောအခါ သူတော်ကောင်းတရား ထွန်းကားရာ မြန်မာ့မြေ၊ အေးငြိမ်းချမ်းသာ ပျော်ရွှင်ဖွယ်ရာ အမိမြေဖြစ်လာခဲ့သည်။ ဤမြေဤနိုင်ငံသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ နှစ်သက်မြတ်နိုးဖွယ်ရာနိုင်ငံ၊ ချစ်ခင်တန်ဖိုးထားရာတိုင်းပြည်ဖြစ်သည်။ ဤနိုင်ငံ၌ နေထိုင်ရသည်ကိုပင် ဂုဏ်ယူ မဆုံးဖြစ်သည်ကို မြန်မာသာမက တိုင်းတစ်ပါးကပါ လက်ခံထားကြသည်။
ဤသို့ ကောင်းခြင်းလက္ခဏာ၊ ဝိသေသဂုဏ်ထူးများနှင့် ပြည့်စုံခဲ့သော ပန်းပေါင်းဝေစည် နှစ်လိုဖွယ်ရာရှိသည့် မြန်မာ့မြေသည် ယခုအခါ အကျည်းတန် အရုပ်ဆိုးဖြစ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ရိုးသားဖြူစင်သော၊ ယဉ်ကျေးမှု အစဉ်အလာကြီးမား သော ဘာသာတရားနှင့် မိဘဘိုးဘွားဆရာသမား၊ လူကြီးသူမများ၏ သွန်သင်ဆုံးမ လမ်းညွှန်မှုနှင့်အညီ ကျင့်သုံးနေထိုင်ခဲ့ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ကောင်းမြတ်သော အစဉ်အလာများမှာ တစ်စတစ်စနှင့်ဖျက်ဆီးခြင်း ခံခဲ့ကြရလေသည်။ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများ၊ တိုင်းတစ်ပါးမှ စည်းရုံးသိမ်းသွင်း လွှမ်းမိုးလာမှုများကို သယ်ဆောင်ဖြန့်ချိ လက်ခံလာကြရာမှ အစဉ်အလာကြီးမားသည့် မြန်မာ့ယဉ်ကျေးမှုမှာ ပွန်းပဲ့ယိုင်နဲ့လာခဲ့သည်။
ယနေ့ကာလတွင် အနောက်တိုင်းယဉ်ကျေးမှုများ လွှမ်းမိုးလာပြီးနောက် ပုဂ္ဂိုလ်ရေး၊ ဝါဒရေး စည်းရုံးမှုများ ပြည်သူများကြားတွင် မှိုင်းမိလာသောအခါ ရှေးအစဉ်အဆက် နှစ်ပေါင်းထောင်ချီ ဖြစ်ထွန်းလာခဲ့သော ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ကိုယ်ကျင့်တရားများ ပါးလျား ပျောက်ကွယ်လာခဲ့သည်။ ယနေ့အချိန်အခါတွင် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ တိုင်းပြည်မတည်မငြိမ် ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်လာအောင် ကြံစည်ကြိုးပမ်း အားထုတ်ကြရာ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုထုံးစံများ ပေါ်ပေါ်ထင်ထင် ဖျက်ဆီးလာကြသည်ကို မြင်တွေ့နေရသည်။ သူတော်ကောင်းတရားများထွန်းကားရာ အမိမြန်မာနိုင်ငံကို အကျည်းတန် အရုပ်ဆိုးအောင် ဖန်တီးနေကြသည်။
အဆိုးရွားဆုံး၊ အရက်စက်ဆုံး၊ အယုတ်မာဆုံး ကြံစည်အားထုတ် လုပ်ဆောင်မှုများမှာ မကျူးလွန်သင့်၊ မကျူးလွန်ထိုက်သော ဘာသာ၊ သာသနာနှင့် မိဘဆရာ သမားများအား ကျူးလွန်စော်ကားခြင်းအပြင် သတ်ဖြတ်ဖျက်ဆီးခြင်းအထိ အဆုံးမဲ့ ပြုလုပ်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်သည် ဗုဒ္ဓသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု သတ်မှတ် ပြဋ္ဌာန်းထားသော မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအရ ကိုးကွယ်ဆည်းကပ်ရာ ဖြစ်သော၊ ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံတော်အဖြစ် ထိန်းသိမ်း စောင့်ရှောက် လျက်ရှိသော ရဟန်းသံဃာတော်များကို ဖျက်ဆီးခြင်းပြုလုပ်လာသည်။ နိုင်ငံရေး အပြောင်း အလဲကာလ တွင် အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် ရဟန်းသံဃာတော် ၁၂ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဝမ်းနည်းကြေကွဲ စိတ်မကောင်းခြင်းကြီးစွာ ကြားသိခဲ့ရသည်။
တစ်ဆက်တည်းပင် ဘုရား၊ တရား၊ သံဃာ အနန္တဂိုဏ်းဝင်များဖြစ်သော၊ အသိမကြွယ်သေးသည့် လူငယ် လူရွယ် ကျောင်းသား ကျောင်းသူလေးများအား အသိပညာ လိမ္မာရေးခြား ရှိစေရန်အတွက် မိဘသဖွယ် သွန်သင်ဆုံးမလမ်းပြပေးနေသော ဆရာ ဆရာမ များနှင့် ပညာရေး ဝန်ထမ်းများကို အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် ဆရာ ဆရာမဝန်ထမ်း ၁၂ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သူတော်ကောင်း တရား ထွန်းကားရာနိုင်ငံ၊ ကောင်းသတင်း များဖြင့် ကျော်ကြားသောတိုင်းပြည်သည် ယခုအခါ အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH NUG နှင့် ၎င်းတို့က သွေးဆောင်စည်းရုံး မွေးမြူထားသော PDF အကြမ်းဖက်သမားများ၏ ရက်စက်သော လုပ်ရပ်များကြောင့် အစဉ်အလာ ကြီးမားသော မြန်မာနိုင်ငံ၏ ပုံရိပ်ကို များစွာထိခိုက်ခဲ့သည်။
သို့ဖြစ်ရာ နှစ်ပေါင်းရှည်ကြာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာကြီးမားခဲ့သော မြန်မာနိုင်ငံကို ဖျက်ဆီးနေသည့် နိုင်ငံရေး အစွန်းရောက်ဝါဒီများနှင့် ကိုယ်ကျင့်တရား ပျက်ယွင်းနေသော အကြမ်းဖက်သမားများအား အပြီးတိုင်တားဆီးနှိမ်နင်း တိုက်ဖျက် နိုင်မှ အစဉ်အလာ ကြီးမားသောတိုင်းပြည်၊ သူတော်ကောင်းတရား ထွန်းကားရာ မြန်မာ့မြေ ပြန်လည်ဖြစ်ထွန်း လာမည်ဟု ယုံကြည်ပါကြောင်း။ ။