Skip to main content

အနဝဇ္ဇာနိ အပြစ်ကင်းသော အလုပ်ကိုလုပ်ဆောင်

မြတ်စွာဘုရားရှင်သည် လောကလူသားအားလုံး ကောင်းကျိုးချမ်းသာဖြစ်စေရေးအတွက် မဟာကရုဏာ ထားတော်မူသည်။ လောကတွင် မကောင်းမှုကို ရှောင်ကြဉ်လျှင် ကောင်းကျိုးချမ်းသာ ဖြစ်စေသည်။ မြတ်စွာဘုရားရှင်သည် မကောင်းမှုဟူသမျှကို ပယ်ဖျောက်နိုင်သော (၃၈) ဖြာ မင်္ဂလာတရားတော်ကို လောကလူသား သတ္တဝါ အားလုံးတို့ အကျိုးစီးပွားများပြားစေရန်အတွက် ဟောပြတော်မူခဲ့သည်။

(၃၈) ဖြာ မင်္ဂလာတရားတော်တွင် အနဝဇ္ဇာနိကမ္မာနိ အပြစ်ကင်းသောအလုပ်၊ အများအကျိုးပြု အလုပ်တို့ကို လုပ်ဆောင်ရန် ညွှန်ပြထားသည်။ အပြစ်ကင်းသော အလုပ်ကိုလုပ်လျှင် ကောင်းကျိုးချမ်းသာဖြစ်စေသည်။ အများအကျိုးပြုအလုပ်လုပ်လျှင် ကောင်းကျိုးချမ်းသာဖြစ်စေသည်။ အပြစ်မကင်းသော အလုပ်ကိုလုပ်လျှင် ဘေးအန္တရာယ်ကျရောက်နိုင်ပြီး ဒုက္ခဆင်းရဲကြုံတွေ့ရမည် ဖြစ်သည်။ အများအကျိုး မပြုသည့်အလုပ်ကိုလုပ်လျှင် မိမိပတ်ဝန်းကျင်၊ မိမိဘဝကို အချည်းနှီးဖြစ်ပြီး မကောင်းမှုအကုသိုလ် ဖြစ်နိုင်သည်။ သို့ပါ၍ အနဝဇ္ဇာနိ ကမ္မာနိ အပြစ်ကင်းသော အလုပ်၊ အများအကျိုးပြုသော အလုပ်ကို ပြုလုပ်သင့်သည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာမှုကို အကြောင်းပြု၍ ပြည်သူများကြားတွင် အပြစ်မကင်းသောအလုပ်၊ အများပြည်သူအကျိုးမပြုသည့် ဘေးအန္တရာယ် ဖြစ်စေနိုင်သော အလုပ်များကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ အကျိုးစီးပွားအတွက်ကြောင့်ဖြစ်စေ၊ စိတ်ခံစားချက်ကြောင့်ဖြစ်စေ၊ မသိ၍ ဖြစ်စေလုပ်ကိုင်လာကြသည်ကို တွေ့ရသည်။ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော CRPH၊ NUG နှင့် PDF တို့၏ သွေးထိုးလှုံ့ဆော်၊ မြှောက်ပင့် ထောက်ပံ့ပေးမှုကြောင့် နိုင်ငံအတွင်း၌ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။ ထို့နောက် အဆိုးရွားဆုံး လူ့အသက်များကို သတ်ဖြတ်သည်အထိ ကြီးမားသောအပြစ်များကို ကျူးလွန်လာကြသည်။

တိုင်းပြည်ပျက်စီးရေး၊ ပြည်သူများ ဘေးအန္တရာယ်ကျရောက်စေရေး ပြုလုပ်နေသော အကြမ်းဖက်သမား များကို နိုင်ငံတော်အစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ ထိုသို့သောအချိန်ကာလတွင် အများပြည်သူတို့အနေဖြင့် မိမိတို့အကျိုးစီးပွားဖြစ်ထွန်းရေးကို ဆောင်ရွက်ရာ၌ အကြမ်းဖက်သမားများနှင့် ပတ်သက်သည့် ငြိစွန်းသော၊ အပြစ်မကင်းသောအလုပ် တို့ကို မပြုလုပ်မိရန် အထူးသတိထားရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများကို ထုတ်ပြန်အသိပေးထားပြီး ပြည်သူများအနေဖြင့် အဆိုပါဥပဒေနှင့် ငြိစွန်းသည့် အပြစ်မကင်းသော အလုပ်များနှင့် ပတ်သက်မိပါက ဆင်းရဲဒုက္ခနှင့် ဆုံးရှုံးမှုများ ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ။

မြို့ရွာများနှင့်ပြည်သူများအား ဖျက်ဆီးနေသော အကြမ်းဖက်အဖွဲ့များ၏ အပေါင်းပါအကြမ်းဖက်သမား များသည် မြို့ရွာများတွင် နေအိမ်များ၊ မော်တော်ယာဉ်များ ငှားရမ်းသုံးစွဲပြီး အကြမ်းဖက်မှုနှင့် ပတ်သက်သည့်လုပ်ငန်းများကို ပြုလုပ်နေကြသည်။ ၎င်းနေအိမ်များနှင့် မော်တော်ယာဉ်များအား မသိ၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ ငှားရမ်းအသုံးပြုခွင့် ပေးခဲ့ကြသည်။ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ကြသည့် အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေဖမ်းဆီးရမိသောအခါ တရားစွဲဆိုရာတွင် ၎င်းတို့အသုံးပြုခဲ့သည့် နေအိမ်များ၊ မော်တော်ယာဉ်များကို သက်သေအဖြစ် ထိန်းသိမ်းထားရှိပြီး ပြစ်မှုထင်ရှား၍ အပြစ်ပေးအရေးယူခံရလျှင် အဆိုပါနေအိမ်နှင့် မော်တော်ယာဉ် များအား နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခြင်း ခံရမည်ကို အထူးသတိထားသိရှိထားရန် လိုအပ်ပေ သည်။ အကြမ်းဖက်သမားများအား သိလျက်နှင့် အားပေးကူညီအသုံးပြုခွင့်ပေးပါက အကြမ်းဖက်မှု ဥပဒေအရ မိမိတို့ပိုင်ဆိုင်မှုများအပြင် မိမိတို့ပါ အရေးယူခြင်းခံရနိုင်သည်ကို သိရှိထားသင့်သည်။ အကြမ်းဖက်သမားများကို မသိရှိဘဲ အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုခွင့်ပေးပါကလည်း မိမိတို့ ပိုင်ဆိုင်မှုများ ဆုံးရှုံးသွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

အကြမ်းဖက်သမားများမှာ အများအားဖြင့် ၎င်းတို့မိသားစုနေအိမ်နှင့် ယာဉ်များကို အသုံးပြုမှုနည်းပြီး အခြားနေအိမ်နှင့်ယာဉ်များကို ငှားရမ်းအသုံးပြုကြရာ ငွေရလိုမှုတစ်ခုတည်းဖြင့် စီးပွားရှာကြသော ပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်မှုများ ဆုံးရှုံးနိုင်ခြေရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ မိမိတို့၏နေအိမ်နှင့် ယာဉ်များကို ငှားရမ်းကြရာ၌ ငှားရမ်းသူနှင့်ပတ်သက်သည့် အချက်အလက် အကြောင်း ကိစ္စများကို စုံစမ်းလေ့လာပြီးမှ ငှားရမ်းသင့်ပေသည်။ မိမိငှားရမ်းလိုက်သူများသည် အကုသိုလ်ဒုစရိုက်မှုများ ပြုလုပ်ကြသူများဖြစ်ပါက မိမိတို့လည်း အပြစ်မကင်းသော အလုပ်များကို လုပ်ဆောင်ရာရောက်ပြီး ပစ္စည်းဥစ္စာများ ဆုံးရှုံးသွားနိုင်သည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မင်္ဂလာတရားတော်နှင့် ကျင့်သုံးနေထိုင်ကြပါက ဘေးရန်ကင်းကွာ လွန်ချမ်းသာနိုင်မည်ဖြစ်သည်။ လောကတွင် ကောင်းသောအမှုများကို ပြုလုပ်ကြသူများ၊ မကောင်းသော အမှုများကို ပြုလုပ်ကြသူများနှင့် ရိုးသားစွာနေထိုင်သူများ၊ မရိုးမသား ဖျက်လိုဖျက်ဆီး လုပ်ကိုင် နေထိုင်ကြသူများ ဟူ၍ရှိရာ အနဝဇ္ဇာနိကမ္မာနိ အပြစ်ကင်းသောအလုပ်၊ အများအကျိုးပြု အလုပ်တို့ကို လုပ်ကိုင်သူများနှင့် ပေါင်းသင်းဆက်ဆံပတ်သက်လျှင် အကျိုးများပြီး အပြစ်မကင်းသော အလုပ်များကို လုပ်ကိုင်ကြသူများနှင့် ပတ်သက်မိပါက ဆင်းရဲဒုက္ခရောက်ရှိနိုင်သည်ကို သတိချပ်ရမည် ဖြစ်ပါကြောင်း။ ။