Skip to main content

ညီညွတ်သောအားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်

ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို မိမိတို့ အစိုးရနှင့်အတူ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းအားထုတ်နေကြသည်။ နိုင်ငံတော်နှင့် လူမှု အသိုက်အဝန်းများ တိုးတက် ဖွံ့ဖြိုးကောင်းမွန်လာရေးတွင် ပြင်ပမှ အကူအညီ အထောက်အပံ့များရှိခဲ့သော်လည်း နိုင်ငံ တိုးတက်ရေးကို မိမိတို့ကိုယ်တိုင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုးစားအားထုတ်ခဲ့ရသည်။

နိုင်ငံတစ်နိုင်ငံသည် အထီးကျန်ရပ်တည်နေ၍မရဘဲ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ကြရသည်မှာ မှန်သော်လည်း မိမိနိုင်ငံအရေးကို မိမိတို့ကိုယ်တိုင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရသည်။ ကမ္ဘာပေါ်တွင် နိုင်ငံနှင့်လူမျိုး တိုးတက်ကြီးပွားရေးကို တိုင်းတစ်ပါး အားမကိုးဘဲ တက်ညီလက်ညီ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြသဖြင့် ကြီးပွား တိုးတက်လာသော နိုင်ငံများစွာရှိသည်။ တိုင်းတစ်ပါးကို မျှော်ကိုးသဖြင့် တိုင်းတစ်ပါး၏ လက်ဝေခံ၊ ဩဇာခံဖြစ်ရသည့်သာဓကများလည်း များစွာ ရှိသည်။ ထို့ကြောင့်လည်း ပြည်တွင်း အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ အားလုံးဝိုင်းဝန်း လက်တွဲကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်သည်။

ယနေ့နိုင်ငံတကာဆက်ဆံရေးတွင် တရားမျှတမှုသည် အလျှင်းပျောက်ကွယ် နေပြီဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး၊ ကူညီထောက်ပံ့ရေးတွင် မိတ်ကောင်း ဆွေကောင်းနိုင်ငံများ ရှိသော်လည်း အကျိုးစီးပွားဆက်နွှယ်မှု အကြောင်းတရားအရ ထင်သလောက် ခရီးမရောက်နိုင်သည်ကိုလည်း တွေ့နေရပေသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကမ္ဘာ့အဖွဲ့အစည်း တို့သည်လည်း အင်အားကြီးနိုင်ငံတို့၏ သြဇာလွှမ်းမိုးမှုအား လွန်ဆန်နိုင်ခြင်းမရှိသည်ကို တွေ့မြင်နေရသည်။ အကြောင်းရင်းမှာ အကျိုးစီးပွားကို ရှေးရှုကြသောကြောင့်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်လာလျှင် အင်အားကြီးနိုင်ငံကြီးများ၏ အကျိုးစီးပွားဘက်တွင်သာ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားရေးဟူသော ကြွေးကြော်သံသည် ထမင်းရည်ပူလျှာလွှဲ ဟန်ပြသဘောမျိုး၊ လူကြားကောင်းအောင် ဟစ်ကြွေးသည့်အသံသာ ဖြစ်သည်။

အထူးသဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောရေးနှင့် နိုင်ငံများအားလုံး၏ အကျိုးကို ရှေးရှု ဆောင်ရွက်သော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးသည်ပင် အင်အားကြီးနိုင်ငံများ၏မူဝါဒ၊ အလိုကျဆောင်ရွက်ရသဖြင့် တရားမျှတမှုနှင့်အလှမ်း ဝေးနေပေသည်။ လက်ခုပ်သည် တစ်ဖက်တည်းတီး၍မရမှန်း လူတိုင်းသိရှိနားလည် ထားကြပါသည်။ သို့သော်မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်လာလျှင် လက်ခုပ်တစ်ဖက်တည်းတီးနေကြသည်မှာ အထူးအဆန်းလိုပင်ဖြစ်နေသည်။ ကုလသမဂ္ဂစင်မြင့်ပေါ်တွင် မြန်မာနိုင်ငံ၏အရေးကို မကြာခဏဆွေးနွေးဆုံးဖြတ်ကြရာ၌ တရားမျှတမှု၊ သမာသမတ်ကျမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုမရှိဘဲ တစ်ဖက်သတ် ကောက်ချက်ဆွဲနေ ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အဆိုမူကြမ်းများ၊ ဆုံးဖြတ်ချက်များ ချမှတ်ကြ ရာတွင် အင်အားကြီးနိုင်ငံကြီးများ၏ လက်ဝေခံမီဒီယာများ၊ မြန်မာနိုင်ငံအား ဆန့်ကျင် တိုက်ခိုက်နေသည့်အုပ်စုများ၊ မတရားအသင်း၊ အကြမ်းဖက်နှင့် လက်နက်ကိုင် အဖျက်သမား များဘက်မှရရှိသော အခြေအမြစ်မရှိသည့် အချက်အလက်များကိုသာ အသုံးပြုလေ့ရှိသည်။ CRPH NUG နှင့် PDF အကြမ်းဖက်အဖွဲ့များက သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် နိုင်ငံရေး ပါတီဝင်များ အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၃၀၀ ကျော်အား သတ်ဖြတ်ကျူးလွန်ခဲ့သည်များကိုမူ လျစ်လျူရှုထားသည်။ မြန်မာ နိုင်ငံအစိုးရက ပြည်သူများအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံတော် အား စိန်ခေါ်မှုများအပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေမှုများကို မျက်ကွယ်ပြုထားသည်။ တစ်ဖက်သတ် သတင်း၊ မမှန်မကန်သတင်း များကို အခြေခံထားသည့် မြန်မာအစိုးရက မတရားဖိနှိပ်သည်ဟူသော စွပ်စွဲချက်ကိုသာ တွင်တွင်ပြောဆိုနေ ကြသည်။

မြန်မာနိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားခဲ့သော နိုင်ငံဖြစ်သည်။ မည်သည့် နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၏ သြဇာခံ၊ လက်ဝေခံမဟုတ်ပေ။ အစဉ်အလာကြီးမားသော ယဉ်ကျေးမှုနှင့် အမျိုးဘာသာကိုလည်း အထိပါးမခံခဲ့ပေ။ ကိုယ့်နိုင်ငံ၊ ကိုယ့် မူဝါဒဖြင့် နိုင်ငံအများနှင့် မိတ်ဝတ်မပျက် သင့်မြတ်အောင်နေထိုင်ခဲ့သည်။ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းမရှိ၊ မိမိနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာအား ထိပါး စော်ကားလာခြင်းအား မည်သည့်အခါမျှလက်မခံ ဆန့်ကျင်လျက်ရှိသည်။ ထိုသို့ ကိုယ့်နိုင်ငံ၊ ကိုယ့်မူဝါဒ၊ ကိုယ့်အစွမ်းအစဖြင့် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသော မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ၊ အကျပ်ကိုင်မှုများ၊ ဝိုင်းပယ်မှုများ ဆက်လက်ရှိနေမည်မှာ သေချာသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အစွမ်း၊ ကိုယ့်အစဖြင့် အစဉ်အဆက်ရပ်တည်ခဲ့ရာ မြန်မာ့အရေး မည်သည့်ဖိအားပေး၊ အကျပ်ကိုင်၊ စွက်ဖက်မှုကိုမှ လက်မခံဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသာယာဝပြောရေးကို ညီညွတ်သော အားမာန်များဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။