Skip to main content

ကယားပြည်နယ်ဝန်ကြီးချုပ် ပညာရေးကောလိပ် (လွိုင်ကော်)မှ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့် သွားရောက်တွေ့ဆုံ

လွိုင်ကော်  ဖေဖော်ဝါရီ  ၂၆

ပညာရေးကောလိပ် (လွိုင်ကော်) ကျောင်း၏ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပညာရေးကောလိပ် (လွိုင်ကော်)မှ ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများအား ကာယားပြည်နယ် အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး တို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သွားရောက်တွေ့ဆုံသည်။

ထို့သို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပညာရေးကောလိပ် (လွိုင်ကော်) ကျောင်းသည် နှစ်စဉ် မိုးဦးရာသီ ကာလတွင် ရေများဝပ်နေပြီး စားဖိုဆောင်သို့ ရေဝင်ရောက်မှုရှိနေသဖြင့် ယခုဘဏ္ဍာနှစ်တွင် ရန်ပုံငွေများ လျာထားပေးပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်များတွင် လိုအပ်သည့်ကဏ္ဍများအား ထပ်မံပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်နေပြီး (၄)နှစ်တာကာလအတွင်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပညာရေးစနစ်များသည် ခေတ်ကာလအလိုက် ပြုပြင်ပြောင်းလဲ နေရမည် ဖြစ်ပြီး ချက်ချင်းပြောင်းလဲ၍မရဘဲ နှစ်ပေါင်းများစွာ အားနည်းခဲ့ သည်ကိုအချိန်ယူ၍ ပြင်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက်ကိုလည်း ကြိုးပမ်းပေးလျက်ရှိပါကြောင်းဖြင့် အဖွင့်အမှာစကားတွင် ပြောကြားသည်။

ထို့နောက် ပညာရေးကောလိပ်(လွိုင်ကော်)သို့ တက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူများက ကျောင်းအတွက် လိုအပ်လျက် ရှိသည့် ဘောလုံးကွင်းတစ်ကွင်းဆောင်ရွက်ပေးစေလိုပြီး ကျောင်းသား/သူများအနေနှင့် အခမ်းအနားများ တက်ရောက်စဉ် ခြေလျင်သွားလာ နေရသဖြင့် မော်တော်ယာဉ် ပံ့ပိုးပေးစေလိုပါကြောင်း၊ ထို့အပြင်ကျောင်းတွင် လိုအပ်နေသည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ကား ရပ်နားရန်နေရာများ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သင်ထောက်ကူပစ္စည်း ပရိုဂျက်တာတစ်ခုနှင့် Sound System များ ပံ့ပိုးပေး စေလိုကြောင်း၊ မိုးရာသီကာလတွင်ကျောင်းဝင်းအတွင်း သွားလာ ရေးခက်ခဲသဖြင့် လမ်းကောင်းမွန်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကိုယ်ကာယလေ့ကျင့်ရေးကွင်းအား အဆင့်မြှင့်တင်ပေးစေလိုပါကြောင်း၊ မိတ္တူကူးစက်နှင့် ကာလာပရင်တာ လိုအပ်နေ၍ ဖြည့်ဆည်းပေး စေလိုပါကြောင်း၊ ICT သင်တန်းချိန်တွင် ကွန်ပျူတာ လိုအပ်နေ၍ ဖြည့်ဆည်းပေးစေလိုကြောင်း ၊ သောက်သုံးရေလုံလောက်မှု မရှိသဖြင့် ရေသန့်စင်စက် တစ်လုံးနှင့် အဝီစိတွင်းရရှိရေးပံ့ပိုးပေးစေလိုပါကြောင်း၊ သင်တန်းအတွက်အင်္ဂလိပ် သင်ရိုးဖတ်စာအုပ်များအား အချိန်မီရရှိ ရေး အတွက် စီမံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းအခမ်းအနားများ ဆောင်ရွက်စဉ်စတိတ်စင်လိုအပ်လျက် ရှိသည့်အတွက် ဆောင်ရွက် ပေးစေလိုကြောင်း၊ ရာထူးတိုးစာမေးပွဲ ဖြေဆိုခွင့်ရရှိနိုင်ရေးကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကယား ပြည်နယ်မှ ဒေသခံဆရာ၊ ဆရာမ နည်းပါးနေပြီး ရာထူးတိုး ဖြေဆိုခွင့်ရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒေသခံ ဆရာ၊ ဆရာမများ နည်းပါးခြင်း၊ ဆရာ၊ ဆရာမအင်အား မလုံလောက်သဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းဆောင် နေရပြီး တာဝန်နှင့်အတူ အခွင့်အရေးများ ရရှိစေလိုကြောင်း၊ ကျောင်းစောင့် အင်အား မလုံလောက်သဖြင့် ခန့်အပ်ပေးစေလိုကြောင်းဖြင့် အသီးသီး တင်ပြဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြပေးမည့် အခြေအနေများ၊ ရန်ပုံငွေများ လျာထားပေးမည့် အခြေအနေများအား ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပညာရေးကောလိပ် (လွိုင်ကော်) ကျောင်းအတွင်း၌ ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ဖြည့်ဆည်းပံ့ပိုးပေးရန် တင်ပြချက်များ အပေါ် ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးကောလိပ်(လွိုင်ကော်) မှ ဆရာ/ဆရာမများနှင့် သင်းတန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ထွန်းလေး