Skip to main content

လွိုင်ကော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

လွိုင်ကော်   ဖေဖော်ဝါရီ ၂၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြ လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က ယမန်နေ့  မွန်းလွဲ ၁ နာရီအချိန်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ကျောင်းရှေ့မှ မြို့ဦးကျောင်းထိပ်အထိ ဆောင်ရွက်လျက်ရှိသည့် မြေယာရှုခင်းလုပ်ငန်းများကို သက်ဆိုင်ရာကုမ္ပဏီများအလိုက် ဖော်ဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းမကြီးဘေးတစ်လျှောက် မြေယာရှုခင်းပုံဖော်ရာတွင် သတ်မှတ်ထားသည့် ပုံစံများအတိုင်းတပြေးညီ ဖြစ်စေရေးအလေးထား ဆောင်ရွက် သွားကြရန်နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့မှလိုအပ်သည်များ ပေါင်းစပ်ဆောင် ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ စက်မှုလက်မှုသိပ္ပံကျောင်း (လွိုင်ကော်) ဖွင့်ပွဲကျင်းပဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ကျောင်းသို့ တက်ရောက်၍ အင်ဂျင်နီယာပညာရပ်များလေ့လာသင်ယူလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အောင်မြင်သည့် လူငယ်များဖြစ်လာရေး ကြိုးပမ်းကြရန် အားပေးစကား များပြောကြားခဲ့ပြီး ကျောင်းအတွက်လိုအပ်လျက်ရှိသောပရိုဂျက်တာ တစ်စုံဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေကျပ်(၈)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် ဖူဆယ် အားကစားရုံ၊ ခြံစည်းရိုးလုပ်ငန်း၊ အထူးတန်းပွဲကြည့်စင်၊ ကရာတေးဒိုအားကစားရုံ ဆောင်ရွက်နေသည့် အခြေ အနေများအားလည်းကောင်း ၊ လွိုင်ကော်မြို့ အထိမ်းအမှတ်ဥယျာဉ်အတွင်း၌ ရုပ်ရှင်ရုံ(၂)ရုံ၊ ဈေးဆိုင်တန်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဆောက် အအုံများ၊ အဆင့်မြင့်ဆေးရုံနှင့် ဆက်စပ်လုပ်ငန်းများအားလည်းကောင်း၊ မင်းစုရပ်ကွက်ရှိ မင်းကျောင်းကန် အမှတ်(၃) အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိသည့်အခြေအနေများအားလည်းကောင်း၊ လောပိတလမ်းနှင့် ကန္ဒရဝတီလမ်းများရှိ လမ်းလယ်ကျွန်းအစားထိုး ဆောင်ရွက် ထား ရှိသော သံဇကာများအစား ပိုမိုကောင်းမွန်သည့်စနစ်ဖြင့် အစားထိုးပြောင်းလဲ ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ လမ်းလယ်ကျွန်း များပြုလုပ်စဉ် ကျန်ရှိခဲ့သည့် ကွန်ကရစ်တုံးများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျဖယ်ရှားရှင်းလင်း ဆောင်ရွက်နိုင် ရေး၊ လွိုင်ကော်ဘူတာရုံ သွားလမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ Box Culvert နှင့် ရေနုတ်မြောင်းနှင့် ပလက်ဖောင်းလုပ်ငန်း (၃၇၇၀)ပေ ဆောင်ရွက်နေမှု အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီများမှသတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် စနစ်တကျ ဆောင်ရွက်ပေးသွားကြရန်နှင့် ဌာနဆိုင်ရာတို့မှ ကွင်းဆင်းစိစစ်ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြား ခဲ့သည်။

ဆက်လက်ပြီး လွိုင်ကော်မြို့၊ ဘီလူးချောင်းကမ်းနားလမ်း မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားလမ်းရှိ လမ်းဧရိယာနှင့် လွတ်ကင်းမှုမရှိသော လျှပ်စစ်မီးတိုင်များအား စနစ်တကျ ရွှေ့ပြောင်းရေး သက်ဆိုင်ရာဌာနများမှ ပေါင်းစပ် ဆောင်ရွက်ပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းလေး