Skip to main content

တိုင်းရင်းသားလူမျိုးပေါင်းစုံ လူမျိုးစုပေါင်း ၁၀၀ ကျော်တို့ အတူတကွ နေထိုင်ကြသည့် မြန်မာနိုင်ငံတွင် အမျိုးသားရေးအယူဝါဒနှင့် အမျိုးသားရေးစိတ်ဓာတ်မှာ လွန်စွာအရေးကြီးသည်။ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင်လည်း ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ ရှိနေကြပြီး တစ်ခုတည်းသော အမျိုးသားရေးစိတ်ဓာတ်များ ထားရှိကာ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ကို ချစ်မြတ်နိုးစွာဖြင့် ပေါင်းစည်းနေထိုင်လျက်ရှိကြသည်။

လူမျိုးနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက် တစ်ခုတွင် “ရာဇဝင်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ရှုမှု အမျိုးဘာသာ သာသနာတို့သည် တည်တံ့၍မနေ၊ ရောနှောပျံ့နှံ့လျက် ရှိလေသည်။ ဘယ်နိုင်ငံတွင်မှ လူမျိုးတစ်မျိုးတည်း မရှိချေ။ လူမျိုးတစ်မျိုးတွင်လည်း အမျိုးမျိုးသော ဘာသာတရားတို့ကို အားထားယုံကြည်မှု ရှိကြပြန်လေသည်။ ဥပမာအားဖြင့် အမေရိကန်နှင့် ဗြိတိသျှတို့သည် ဘာသာစကားတူ၏။ လူမျိုးတစ်မျိုးတည်း မဟုတ်ချေ။ ဆိုဗီယက်ရုရှားမှာမူကား လူမျိုးချင်းတူ၏။ ဘသာသာစကားချင်း မတူကြချေ။ သို့ဖြစ်ရကား လူမျိုးဆိုသည်မှာ သုခဒုက္ခအတူ ခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထား ရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံဿနုရက္ခိတ တရားသည် တည်နေပေ၏။” ဟူ၍ ပြောကြားခဲ့သည်။ လူမျိုးမတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်သည့် သာသနာကွဲပြားစေကာမူ သမိုင်းစဉ်တစ်လျှောက် အတူတကွနေထိုင်ခဲ့ကြခြင်း၊ ကံကြမ္မာ အတူတူခံစားခဲ့ကြခြင်း၊ တစ်မျိုးတစ်စားတည်းဟူသော စိတ်ထားရှိခြင်းတို့ကသာ လူမျိုးကို ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်က ဖွင့်ဆိုခဲ့ခြင်းဖြစ်ပြီး မျိုးနွယ်တစ်ခုစီတို့၏ ဝိသေသလက္ခဏာများကို အသိအမှတ်ပြုခြင်းနှင့်အတူ စည်းလုံးညီညွတ်မှုကို အဓိကထားရန် မိန့်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာပြည်ကို သိမ်းယူလိုက်ကြောင်း ဗြိတိသျှတို့က ကြေညာလိုက်ပြီးနောက် ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကို နားမလည်ခြင်းကြောင့် မြန်မာလူထုမှာ လအနည်းငယ်ကြာမျှ တွေဝေငြိမ်သက်နေကြသည်။ ဗြိတိသျှတို့၏အုပ်ချုပ်ရေး ကျေးလက်ဒေသများသို့ ရောက်ရှိလာသည့်အခါတွင်မှ အခြေအနေအမှန်ကို သိလာကြသည်။ ဗြိတိသျှလူမျိုး ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သော ဟာရိုးလ် ဖီးလ်ဒင်းဟော၏ အဆိုအရ ““မြန်မာလူမျိုးတို့သည် မည်သည့် အုပ်ချုပ်မှုကိုမျှ အလိုရှိသော လူမျိုးမဟုတ်။ တိတိကျကျအားဖြင့် နိုင်ငံခြားသားများ၏ အုပ်ချုပ်ခြင်းကို နည်းနည်းမျှလိုလားကြသူများ မဟုတ်ကြ။ ထို့ကြောင့် မြန်မာတို့သည် အတိုက်အခိုက် ကျွမ်းကျင်သူများကို ခေါင်းဆောင်တင်မြှောက်ကာ ကျွန်ုပ်တို့ကို စတင်တိုက်ခိုက်ကြတော့သည်။ ဤနည်းဖြင့် မြန်မာပြည်အထက်ပိုင်း ဗန်းမော်မှ အလယ်ပိုင်း မင်းလှမြို့အထိ၊ ရှမ်းပြည်မှသည် ချင်းတောင်တန်းများအထိ တစ်ပြည်လုံး အုံးအုံးကျွက်ကျွက် ဆူပွက်ပုန်ကန် တိုက်ခိုက်ကြပါတော့သည်။”ဟု ကိုယ်တွေ့ ရေးသားခဲ့သည်။

နယ်ချဲ့လက်အောက်သို့ အားမတန် မာန်လျှော့ ကျရောက်ခဲ့ရပြီးနောက် လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြရာတွင် အမျိုးသားရေးစိတ်ဓာတ် ပြန်လည်နိုးကြားရေးအတွက် လှုပ်ရှားမှုများမှာ ၁၉၀၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် နယ်ချဲ့အစိုးရကို ပထမဆုံးအကြိမ်အဖြစ် ဆန့်ကျင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ မြန်မာ သက္ကရာဇ်အားဖြင့် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှ အစပြုခဲ့သည့် အမျိုးသားအောင်ပွဲနေ့သည် ရာစုနှစ် တစ်ခုကို ဖြတ်သန်းကျော်လွန်ခဲ့ပြီဖြစ်သည်။ နောက်ထပ်လည်း ရာစုနှစ်ပေါင်းများစွာ အဓွန့်ရှည်အောင် လက်ဆင့်ကမ်းသွားကြရမည် ဖြစ်ပါကြောင်း။ ။