နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ် Gilbert မြို့တွင် နေထိုင်သော အသက် (၃၂) နှစ်အရွယ် အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Harbin မြို့ တွင် (၃) လခန့် နေထိုင်ခဲ့ပြီး (၂၀-၂-၂၀၂၀) ရက်နေ့မှ (၂၂-၂-၂၀၂၀) ရက်နေ့အထိ မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ (၂၂-၂-၂၀၂၀) ရက်နေ့တွင် မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး (၂၅-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အန်ခြင်း၊ ဝမ်းသွားခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်အပူချိန် အနည်းငယ်မြင့်တက် ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၆-၂-၂၀၂၀) ရက်နေ့၊ နံနက် (၆) နာရီအချိန်ခန့်တွင် သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။
၃။ ယနေ့ (၂၆-၂-၂၀၂၀) ရက်နေ့၊ ည (၈) နာရီအချိန်အထိ လူနာ (၂) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေ များရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။
၄။ (၂၆-၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၃၄) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
(ပုံများ = ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လူအစုလိုက်ကို ကိုယ်အပူချိန် တစ်ပြိုင်တည်း တိုင်းနိုင်သောစက် (Thermal Scanner) ဖြင့်လည်းကောင်း၊ ကယားပြည်နယ်တွင် လက်ကိုင်ကိုယ်ပူချိန်တိုင်းစက် (Non-contact infrared thermometer) ဖြင့်လည်းကောင်း ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်နေမှု)
Ref: Ministry of Health and Sports, Myanmar