ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရဟန္တာမဟာသိမ်တော်ကြီး ဘက်စုံ မွမ်းမံပြုပြင်ခြင်းနှင့် နဝရတ်ရွှေစင်အောင် စေတီတော်နှင့် ပတ္တမြား မျက်ရှင်ပုံတူရုပ်ပွားတော် မဟာဒါနကုသိုလ် စုပေါင်းရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီးရှိ အဆိုပါ မဟာသိမ်တော်ကြီး၌ ကျင်းပသည်။
တင်လှူပူဇော်
ရှေးဦးစွာ နဝရတ်ရွှေစင်အောင် စေတီတော်နှင့် ပတ္တမြားမျက်ရှင် ပုံတူရုပ်ပွားတော်မြတ်တို့အား နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီး များနှင့် ရွှေတိဂုံစေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ဇနီး၊ ဂေါပကအဖွဲ့ များနှင့် အလှူရှင်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပက အဖွဲ့ဝင် ဦးအေးထွန်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။
အနုမောဒနာတရား နာယူ
ထို့နောက် ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရစ္ဇျာယ်တော်မူကြပြီး တိုင်းမှူးနှင့် ဇနီး၊ ဂေါပကအဖွဲ့ဝင် များနှင့် အလှူရှင်များက ဆရာတော် ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ၊ ပါဠိပါရဂူ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋက ဩဝါဒါစရိယ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာယူကြသည်။
ရဟန္တာ မဟာသိမ်တော်ကြီး၌ တောင်ဘက်ခြမ်း မြေထိန်းနံရံများ ပြိုကျခဲ့ရာ အလှူရှင်များက အလျား ၄၂ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေရှိ မြေထိန်းနံရံအသစ် တည်ဆောက်ခြင်း၊ ပတ္တမြားမျက်ရှင် ကြေးသွန်း ရုပ်ပွားတော် ပုံတူထုဆစ်ပူဇော်ခြင်း၊ ဂန္ဓကုဋိ တိုက်တည်ဆောက်ခြင်း၊ ရင်ပြင်တော်တွင် စကျင်ကျောက်ပြား များ အစားထိုးပြန်လည်ခင်းကျင်း ခြင်း၊ သိမ်တော်ကြီးအတွင်းရှိ မူလဗုဒ္ဓ ရုပ်ပွားတော်ကြီးနှင့် ရုပ်ပွားတော် ရှစ်ဆူတို့အား ပုလဲဆေးများ ကပ်လှူပူဇော်ခြင်းနှင့် အခြားဘက်စုံမွမ်းမံမှု များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။
ဇော်မင်းလတ်