Skip to main content

ခေတ်အလိုက်ပြောင်းလဲလာသော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စားဆင်ယင်မှုများ မှတ်တမ်းစာအုပ်ပြုစုနိုင်ရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စားဆင်ယင်မှုများကို မှတ်တမ်း စာအုပ်ပြုစုနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပြောင်းလဲလာ

အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စု ကြီးအတွင်း တိုင်းရင်းသားလူမျိုးစုများ သည် မတူကွဲပြားသော်လည်း အရောင် အသွေးစုံစွာ တစုတစည်းတည်း နေထိုင်လာကြရာ ခေတ်ကာလ အလိုက် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဝတ်စားဆင်ယင်မှုများ ပြောင်းလဲလာသည်ကို တွေ့မြင်ရပါကြောင်း၊ ပြောင်းလဲလာသော တိုင်းရင်းသား ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကိုမှတ်တမ်းအဖြစ် ပြုစုထားရှိနိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေးကျင်းပရခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မျိုးစုံတို့၏ ဝတ်စားဆင်ယင်မှုများ ခေတ်ကာလ ပြောင်းလဲလာမှုအရ မှတ်တမ်းတင်နိုင်ရန် ဖြစ်ပါကြောင်း၊ ထိုသို့မှတ်တမ်းတင်ရာတွင် အမျိုးသား၊ အမျိုးသမီး ဝတ်စားဆင်ယင်မှုအားလုံး ကို စုံစုံလင်လင် ဝေဝေဆာဆာ မှတ်တမ်းတင် ထားရှိသွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် စုဆောင်းထားသည့် မှတ်တမ်းဓာတ်ပုံ များကို ထည့်သွင်း ပြုစုနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ဓာတ်ပုံများပေးပို့၍ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးရန်နှင့်စုစည်းရရှိပြီးသော ဓာတ်ပုံများကို သေချာစိစစ်ပြီး မှတ်တမ်းတင်ပြုစုနိုင် ရေးသာမက စာအုပ်အဖြစ် ထုတ်ဝေ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါကြောင်း ပြောကြား သည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းနိုင်က ဆောင်ရွက်မည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ပေါင်းစပ်ညှိနှိုင်းပေး

ဆက်လက်၍ ဝန်ကြီးဌာနများမှ တက်ရောက်လာကြသူများက ခေတ်ကာလအလိုက် ပြောင်းလဲလာသောတိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာဝတ်စားဆင်ယင်မှုများကို မှတ်တမ်း အဖြစ်ပြုစု နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးကြရာ ဒုတိယ ဝန်ကြီး ဦးလှမော်ဦးက ဆွေးနွေးတင်ပြ ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကား ပြောကြားသည်။

သတင်းစဉ်