နေပြည်တော် ဒီဇင်ဘာ ၁
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီမှ ဦးဆောင်၍ ဆက်စပ်ဌာနအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မည့် လမ်းပေါ်နေ -ကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်(မူကြမ်း) ဒုတိယအကြိမ်အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေ ကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံ ချက်(မူကြမ်း) အား ပထမအကြိမ်တွင် Desk Review ဖြင့် ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း၊ စီမံချက်နယ်မြေနှင့် စီမံချက်ကာလများ သတ်မှတ်ထားရှိခဲ့ပါကြောင်း၊ ယခုလက်ရှိ တွင် စီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် Action Plan အား အတည်ပြု ဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ဆက်လက်၍ မကြာမီကျင်းပမည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး၍ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ လမ်းပေါ်နေကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝတို့အတွက် မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် ကလေးများ၏ အတွေးအခေါ်ကို အဓိက ပြောင်းလဲပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး က လမ်းပေါ်နေ ကလေးများလျော့နည်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ စနစ်တကျဆန်းစစ်လေ့လာခြင်း၊ စာရင်းရေးသွင်းခြင်း၊ အကဲဖြတ် မှတ်တမ်းတင်ခြင်း၊ လိုအပ်သည့် ထောက်ပံ့မှုများ ရရှိနိုင်ရန် ပံ့ပိုးပေးခြင်းနှင့် သက်ဆိုင်ရာသို့ ချိတ်ဆက်ညွှန်းပို့ဆောင်ရွက်ခြင်း တို့အပါအဝင်စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းနှင့် မှတ်တမ်း ထားရှိခြင်းတို့ကို စီမံချက်စတင်ချိန်မှ စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဓိကမှာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပါ၍ စီမံချက်ဒေသများအလိုက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြား ဆက်စပ်ဌာနများမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုသင်တန်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း အသိပညာပေးသင်တန်းတို့ကို ထဲထဲဝင်ဝင် သင်ကြားပို့ချပေးထားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)က စီမံချက် (မူကြမ်း) ဒုတိယအကြိမ်နှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ် အသေးစိတ်တို့ကို ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က စီမံချက်အပေါ် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ဆန်းစစ်လေ့လာသည့် အချက်အလက်များအတွက် စာရင်းအင်း တိကျမှန်ကန်မှုရှိရေးနှင့် ပြန်လည်သုံးသပ်ခြင်း၊ အစီရင်ခံတင်ပြခြင်းတို့တွင် ခိုင်မာတိကျသည့် အချက်အလက်များ ဖြစ်ပေါ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချနိုင်ပြီး နိုင်ငံ၏စီမံကိန်း လုပ်ငန်းစဉ်များတွင် ထည့်သွင်း နိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ ကနဦးစီမံချက် နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးမှူးတို့က စီမံချက် နယ်မြေအလိုက် လမ်းပေါ်နေ ကလေးများ၏ အခြေအနေများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များအပေါ် ပံ့ပိုးပေး နိုင်မည့်အခြေအနေများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက လမ်းပေါ်နေကလေးများအတွက် ဆောင်ရွက်ရာတွင် အဓိကမှာ ကလေးများကျောင်း တက်နိုင်ရေးဖြစ်ပြီးအကြောင်း အမျိုးမျိုးကြောင့် ပညာ ဆက်လက်သင်ကြားနိုင်ခြင်း မရှိပါက သက်မွေးပညာများသင်ကြားပေးနိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း (Volunteer) များအား စနစ်တကျသင်ကြား လေ့ကျင့်၍ ၎င်းတို့အတွက် ထောက်ပံ့မှု အစီအစဉ်များကို ဆောင်ရွက်နိုင်ရေး၊ ကျောင်းပညာ ဆက်လက် သင်ကြားနိုင်မည့် ကလေးသူငယ်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်မှ Conditional Cash Transfer Program ဖြင့် ထောက်ပံ့နိုင်ရေး၊ ကျောင်းပြင်ပ ပညာဆက်လက် သင်ကြားနိုင်မည့် ကလေးများအတွက် Mobile Schools အစီအစဉ်များ ဆောင်ရွက်၍ တိုင်း ဒေသကြီး / ပြည်နယ်များတွင် စီမံချက်နယ်မြေများ တိုးချဲ့နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်