မိုးသက်မုန်တိုင်းများစဲသောအခါ လေပြည်လေညင်းလေးများကို ထိတွေ့ ခံစားရသလို တိမ်သလ္လာဖုံးအုပ်နေသည့် မှောင်မိုက်သော အမှောင်ထုအောက်မှ တိမ်သလ္လာကင်းစင်သည့် လမင်းကြီး၏ အေးမြသည့်အာဝါသကို ခံစားရသလို နိုင်ငံတော်အတွင်း၌ ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများကို ဖြတ်သန်းကျော်ဖြတ်ခဲ့ပြီးနောက် ဖြောင့်ဖြူးသာယာသောလမ်းပေါ်တွင် လျှောက်လှမ်း နေကြပြီဖြစ်သည်။
မဲမသမာမှုကို အကြောင်းပြု၍ အကြမ်းဖက်လမ်းစဉ်သို့ အသွင်ကူးပြောင်း သွားကြသော ဒီမိုကရေစီအရေခြုံ နိုင်ငံရေးသမားတို့၏ လက်ချက်ကြောင့် တိုင်းပြည်တွင် ဆူပူအကြမ်းဖက် သတ်ဖြတ်မှုများ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အအုံ ပစ္စည်းများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်ခန္ဓာများ ထိခိုက်ပျက်စီးခဲ့ရသည်။ အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ လှိုင်းကြီးလေထန်ဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ် ထက်ပင် ကျော်လွန်နေပြီဟု ဆိုချင်သည်။ တပ်မတော် အနေဖြင့် ပြည်သူများ လိုလား နှစ်သက်သည့် ဒီမိုကရေစီ တည့်မတ်မှန်ကန်ရေးနှင့် နိုင်ငံတော်နှင့်ပြည်သူ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ဖြတ်သန်း ရာတွင် မယိမ်းမယိုင် ကျောက်သား ကျောက်စိုင်ကဲ့သို့ မားမားမတ်မတ် ကြံ့ကြံ့ခိုင်ရပ်တည် လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် မဆုတ်မနစ် သော ဇွဲလုံ့လ အားမာန်များဖြင့် ကျော်ဖြတ်လျက်ရှိသည်။ ဓမ္မနှင့် အဓမ္မ အမှားနှင့် အမှန်ကို အချိန်ကာလက အဆုံးအဖြတ်ပေးသည် ဆိုသကဲ့သို့နိုင်ငံတော် တာဝန်ယူခဲ့သည့် ၁၀ လကျော်ကာလအတွင်း၌ အဖြူအမည်းသဲကွဲစွာ သိကြရပြီဖြစ်သည်။ ပြုသူနှင့် ဖျက်သူတို့ကို အကောင်းအဆိုး ခွဲခြား မြင်လာကြပြီဖြစ်သည်။ ယနေ့ တည်ငြိမ်အေးချမ်းတည့်မတ်လာပြီဖြစ်သော နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို တည့်မတ်ပေးသည့် ကြိုးပမ်းဆောင်ရွက်ခဲ့သူများအားလုံးကို ကျေးဇူး တင်ရမည် ဖြစ်သည်။
အထူးသဖြင့် ခက်ခဲကြမ်းတမ်းသောကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးနှင့် အကြမ်းဖက်သမားတို့၏ အန္တရာယ်မှကင်းဝေးအောင် အနစ်နာခံ၊ အပင်ပန်းအဆင်းရဲခံ၊ အသက်ကို ပဓာန မထားဘဲ ဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများအားလုံးကို ဂုဏ်ယူမိပါသည်။ မဲမသမာမှု၏ နောက်ဆက်တွဲ အကျိုးဆက်ဖြစ် သည့် ပြည်တွင်းဆူပူဆန္ဒပြမှုများမှသည် မီးရှို့ဖျက်ဆီးလူသတ်မှုများအထိ ပြုလုပ်လာကြသော အကြမ်းဖက်လုပ်ရပ်များကို အစိုးရနှင့် အတူ ပြည်သူတို့က လက်တွဲပူးပေါင်း ဖော်ထုတ် ခဲ့ကြသဖြင့် အကြမ်းဖက်သမားများ၊ ဆက်နွှယ်သူများ၊ အဆွယ်အပွားများနှင့် အဖျက်လက်နက်များကို နေ့စဉ်ရက်ဆက် ဖမ်းဆီးနိုင်ခဲ့သည်။ ယခုအခါ မီးကြွင်းမီးကျန်များကို ငြိမ်းသတ်သလို အဖျက်လက်ကျန် များကို အမြစ်ကမကျန် ရှင်းလင်းလျက်ရှိသည်။
ပြည်သူပြည်သား အများစုသည် အဖျက်လုပ်ရပ်များကို မလိုလားဘဲ ငြိမ်းချမ်းစွာဖြင့် မိမိတို့၏ လူမှုစီးပွားများကို လုပ်ကိုင်လိုကြ သည်ဖြစ်ရာ ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း အထင်အရှားမြင်တွေ့ နေရပါသည်။ အဖျက်သမားများမှာ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အလစ်အငိုက် နှောင့်ယှက် ဖျက်ဆီး သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက်သမားများ မည်သို့ပင် နှောင့်ယှက် ဖျက်ဆီးသော်လည်း မကြောက်မရွံ့ နောက်မတွန့်ဘဲ အစိုးရနှင့်ပြည်သူတို့ လက်တွဲညီညာစွာဖြင့် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးတို့ကို ဆက်လက်ဆောင်ရွက်နိုင် ခဲ့သည်။ အစိုးရနှင့် ပြည်သူတို့ လက်တွဲညီညာဆောင်ရွက်နိုင်မှုကြောင့် ကပ်ရောဂါဆိုးမှာ အားပျော့သွားပြီ ဖြစ်သည်။ နေလာနှင်းပျောက်သကဲ့သို့ အကြမ်းဖက်အဖျက် လုပ်ရပ်များမှာလည်း လျော့ပါးသွားပြီ ဖြစ်သည်။
စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများလည်း ပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်၍ ပြည်သူများ မှာ စိတ်အေးဝမ်းမြောက် နေကြပြီဖြစ်သည်။ သို့သော် ရောဂါဘေး၊ အဖျက်အန္တရာယ်ဘေးတို့ကို ပေါ့ပေါ့ဆဆ နေ၍မဖြစ်ပေ။ သတိဟူသည် ပိုသည် မရှိဟုသဘောထားပြီး အဖျက်သမားအန္တရာယ်နှင့် ရောဂါဘေးအန္တရာယ်တို့ကို မပြတ်သော သတိဖြင့် အစဉ်ရှိနေရမည်ဖြစ်သည်။ ကပ်ရောဂါဘေးမှာ အလျှင်းမပျောက်ဘဲ လူအများနှင့်အတူ ရှိနေနိုင်သလို အဖျက်သမားများမှာလည်း လူအများကြားတွင် ရှိနေနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးကွဲတစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လျက်ရှိပြီး အကြမ်းဖက်သမားများမှာလည်း အသွင်အမျိုးမျိုးပြောင်းပြီး အန္တရာယ်ပေးလာနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏ အကျိုးစီးပွားကို ရှေးရှု၍ စစ်မှန်သောစေတနာဖြင့် ပြည်သူများ မျှော်မှန်းသည့် ပန်းတိုင်သို့ရောက်အောင် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ဘေးအန္တရာယ် အမျိုးမျိုးတို့ အလျှင်းပယ်ပျောက်ပြီး သာယာဝပြောသော လူ့ဘောင်သစ်သို့ အလျင်အမြန် ရောက်ရှိရေး အတွက် ရှေ့ဆက်၍ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။