Skip to main content

လမ်းမတော်သံဈေးမီးလောင်မှုတွင် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး စွမ်းစွမ်းတမံ ဆောင်ရွက်သူများအား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၆

ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီခန့်မှစတင်၍ ရန်ကုန်မြို့ လသာမြို့နယ် အမှတ် (၂) ရပ်ကွက် လမ်းမတော်လမ်းရှိ သံစျေး မီးလောင်ရာတွင် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ ကြသည့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့်မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က မရမ်းကုန်းမြို့နယ် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် သီတာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၅၀ အပါအဝင် အလှူရှင် ၁၂ ဖွဲ့က ငွေကျပ်သိန်း ၄၄၀ စုစုပေါင်းငွေကျပ်သိန်း ၄၉၀ ကို ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များအတွက် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနည်းတူ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမို ထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး အတွက် အထောက်အကူပြုလုပ်ငန်း သုံးပစ္စည်းများ ဖြည့်ဆည်းရန်အတွက် ပြည်ထောင်စုဝန်ကြီးက မတည် ငွေကျပ်သိန်း ၁၆၀ ကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် အလှူရှင်များကိုယ်စား မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်း များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းကလည်းကောင်း၊ သံစျေး ကွန်ဒိုမီနီယံတွင် နေထိုင်သူ မိသားစုများ၏ကိုယ်စား ဒေါက်တာ ဒေါ်မိမိက လည်းကောင်း ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ မီးငြှိမ်းသတ်ရေးတွင် ပါဝင်ခဲ့သည့်တပ်ဖွဲ့ဝင် ၆၈၀ အတွက် ငွေကျပ်သိန်း ၂၄၀ ကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင် ၃၀ အတွက် ငွေကျပ် ၁၅ သိန်းကို ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၉၀ အတွက် ငွေကျပ်သိန်း ၇၀ ကို လသာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးအောင်လှ၊ တပ်မတော်အင်အား ၁၇၀ အတွက် ငွေကျပ် ၅၅ သိန်းကို ဗိုလ်မှူး အောင်မျိုးသူ၊ ရဲတပ်ဖွဲ့ဝင် ၁၅၈ ဦးအတွက် ငွေကျပ် ၅၅ သိန်း ကို ဒုတိယရဲမှူးကြီး ကျော်ဝင်းအောင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅၅ ဦး အတွက် ငွေကျပ် ၅၅ သိန်းကို ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုတို့ထံ ပြည်ထောင်စုဝန်ကြီးက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ဝင်းလေး (ကြည့်မြင်တိုင်)