Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင် မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည့် လက်တွေ့စာဖတ်ပြခြင်း အစီအစဉ်နှင့် သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်မှ)မှ ဖွင့်လှစ်သော အသံထွက်၍ စာဖတ်ပြခြင်းသင်တန်း တတိယနေ့တွင် အ.ထ.က(၂)မကွေးမှ ကျောင်းသား၊ ကျောင်းသူလေးများအား သင်တန်းတက်ရောက်သူ သင်းတန်းသား သင်တန်းသူများက လက်တွေ့စာဖတ်ပြခြင်း အစီအစဉ်ကို မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လက်တွေ့စာဖတ်ပြခြင်း အစီအစဉ်တွင် သင်တန်းတက်ရောက်လာကြသူများက ကျောင်းသား ကျောင်းသူလေးများ၏ အသက်အရွယ်အလိုက် စာအုပ်စာပေများကို ခွဲခြား၍ ဖတ်ပြကြရာ ကလေးပုံပြင် စာအုပ်များ၊ သုတရသ ခံစားနိုင်စေမည့် ဝတ္ထုတိုနှင့်ဆောင်းပါးများကို အဖွဲ့(၁၀)ဖွဲ့ခွဲ၍ ဖတ်ပြ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် အာဆီယံ - ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဆင်းအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသူတစ်ဦးက သင်တန်းအတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် မကွေးတိုင်းဒေသကြီးအတွင်းမှ အခြေခံ ပညာဦးစီး ဌာနအောက်မှ ကျောင်းစာကြည့်တိုက် တာဝန်ခံဆရာ/ဆရာမများ၊တက္ကသိုလ်/ကောလိပ်များမှ ဆရာကြီး/ ဆရာမကြီး များ၊ တိုင်းဒေသကြီးပြန်/ဆက်ဦးစီးဌာန ခရိုင်(၅)ခရိုင်မှ စာကြည့်တိုက်မှူးများနှင့် ကိုယ်ထူကိုယ်ထ စာကြည့်တိုက် များမှ စာကြည့်တိုက်မှူးများ စုစုပေါင်း(၃၃)ဦးတို့အား ဝန်ကြီးနှင့်တာဝန်ရှိ သူတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)