Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင် ကျေးရွာစာကြည့်တိုက်များသို့ အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် မကွေးတိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းတို့မှ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များအား ယမန်နေ့ နေ့လယ် ၂ နာရီက မကွေးခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်ကော်မတီအတွင်းရေးမှူး ဦးညွန့်နိုင်က စာကြည့်တိုက်ငွေပဒေသာပင်များအား စနစ်တကျစိစစ်သုံးစွဲရေး စာကြည့်တိုက်များရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် မကွေးတိုင်းဒေသကြီး စာကြည့်တိုက်ရန်ပုံငွေကြီးကြပ်မှုကော်မတီကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီး စာကြည့်တိုက်ရန်ပုံငွေမှ အတိုးရငွေများကို အမှန်တကယ်ရှင်သန်နေသော ကျေးရွာစာကြည့်တိုက်များအား စာအုပ်စာစောင်များ၊ ပရိဘောဂများ ထောက်ပံ့ရန် အတွက် ဆုံးဖြတ်ထားကြောင်း၊ ဒီကနေ့ အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်ပွဲမှာ မကွေးမြို့နယ်မှ စာကြည့်တိုက်(၃)တိုက်၊ ပေါက်မြို့နယ်မှ ကျေးရွာစာကြည့်တိုက်(၁၀)တိုက်အတွက် စာအုပ်စာစောင်ထောက်ပံ့ရန် တစ်တိုက်လျှင် တစ်သိန်းကျပ်စီကိုလည်းကောင်း၊ ငဖဲမြို့နယ် ဇင်ပြွန်း ကျေးရွာ စာကြည့်တိုက်အတွက် စာအုပ်စာစောင် နှင့်ပရိဘောဂထောက်ပံ့ရန်(၆၁၀၀၀၀/-)ခြောက်သိန်းတစ်သောင်းကျပ်ကို လည်းကောင်း ထောက်ပံ့ ပေးသွားမှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စာကြည့်တိုက်ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ရန်ဆုံးဖြတ်ထားပြီးဖြစ်သော ကျေးရွာစာကြည့်တိုက်များမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား အလှူငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)