Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း

(၆-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၅-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၆,၈၈၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃၁) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၃၇) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၆၉၈,၂၀၁) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၂၄,၆၃၈) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃၉၇) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၀၀,၇၀၁) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၁၄၆) ဦး ရှိပါသည်။

•         ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း အခြေအနေများအား စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ အပတ်စဉ် (၄၆)၊ အပတ်စဉ် (၄၇) နှင့် အပတ်စဉ် (၄၈) တို့ကို နှိုင်းယှဉ်ချက် အရ  ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့် ပျမ်းမျှရောဂါပိုးတွေ့ရှိမှုနှုန်းများမှာ အပတ်စဉ်အလိုက် လျော့နည်း ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။

        ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် (၆-၁၂-၂၀၂၁) ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်အထိ နိုင်ငံပေါင်း (၄၄) နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိကြောင်းသိရှိရပြီး အာဖရိက နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြု တွေ့ရှိရပြီး ဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံ ဖြစ်သော အိန္ဒိယနိုင်ငံနှင့်  ဒေသတွင်းနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့တွင်လည်း တွေ့ရှိကြောင်း သိရှိရပါသည်။

        ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့်ပတ်သက် ၍ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှု မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါ၍ ပြည်သူလူထုအနေဖြင့်လည်း အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ အလွန် အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ များကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် မိမိတို့နိုင်ငံသို့ ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲများ ဝင်ရောက် ကူးစက်မလာစေရေး ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေသည့်လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြပါရန် အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

        COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

#Ministry of Health