တယ်လီဖုန်းဆင်းကတ်သုံးစွဲသူများအနေဖြင့် မိမိတို့နာမည်အမှန်ဖြင့် တရားဝင် မှန်မှန်ကန်ကန် မှတ်ပုံတင်သုံးစွဲနိုင်ရေးနှင့် မှန်မှန်ကန်ကန် မှတ်ပုံမတင်သည့် ဆင်းကတ်များကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်နောက်ပိုင်းမှစတင်ကာ အထွက်ဖုန်းခေါ်ဆိုမှုကို ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်းသုံးစွဲသူများက ဆင်းကတ်များကို စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရန်အတွက် “ဆင်းကတ်များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးစကားဝိုင်း”ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒေါ်မေစန္ဒီမောင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမျိုးသန့်၊ တယ်လီနောမြန်မာမှ Head of customer care ဒေါ်ထက်ထက်ထွန်း၊ အူရီဒူးမြန်မာစားသုံးသူဝန်ဆောင်မှုဌာန အမှုဆောင်အရာရှိချုပ် ဦးစောဆဲသပ်ကလဲနှင့် မိုင်တဲလ်မှ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးတို့ ပါဝင်ဆွေးနွေးခဲ့သည်။
(ယမန်နေ့မှအဆက်)
အစီအစဉ်မှူး။ ။ တယ်လီဖုန်းဆင်းကတ်တွေကို မှတ်ပုံတင်တဲ့အခါမှာ ဘယ်လိုမျိုး ကတ် အမျိုးအစားတွေနဲ့ မှတ်ပုံတင်လို့ရပါသလဲ။ တကယ်လို့များ မှတ်ပုံ မတင်ဘူးဆိုရင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ သိပါရစေ။
ဦးစိုးသိန်း၊။ ။ အခုကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ထုတ်ပေးထားတဲ့ သက်သေ ခံကတ်ပြားတစ်ခုခုကိုပဲ လက်ခံဆောင်ရွက်သွားဖို့ သတ်မှတ် ထားပါတယ်။ အဲဒါကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်၊ နောက် သာသနာဝင် သာသနာတော်ဝင်စိစစ်ရေးကတ်ပြားတစ်ခုခု စတာတွေနဲ့ ဆောင်ရွက်သွားဖို့စီစဉ်ထားပါတယ်။ နောက်တစ်ခုကNVC လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ခံရတဲ့သူတွေ ရဲ့သက်သေခံကတ်ပြားနံပါတ် ဒါတွေနဲ့ ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။
နိုင်ငံခြားသားဆိုရင်လည်း ပတ်စပို့စ်နံပါတ်နဲ့ ပတ်စပို့စ်နဲ့ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ အော်ပရေတာတွေကလည်း စောစောက တင်ပြဆွေးနွေးသလိုပဲ သူတို့ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေကို ပြည်သူလူထုအတွက် ဆက်လက်ပြီးတော့ အသိပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ သက်သေခံကတ်ပြားတွေနဲ့ မှတ်ပုံတင်ဆောင်ရွက်ခြင်း မရှိရင်၊ ဧပြီလကုန်အထိ ဒါတွေမဆောင်ရွက်ဘူးဆိုရင် မှတ်ပုံတင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းလို့ရအောင် သက်ဆိုင်ရာသူတို့ရဲ့ Call center တွေကို ခေါ်ဆိုတာကလွဲ လို့ ကျန်တဲ့အထွက်ခေါ်ဆိုမှုအားလုံးကို ပိတ်သွားမှာဖြစ်ပါ တယ်။ ၃၀-၆-၂၀၂ဝ ရက် နောက်ပိုင်းအထိ ပြန်လည်ပြီး စနစ် တကျမှတ်ပုံမတင်ဘူးဆိုရင် ဆင်းကတ်တွေအားလုံးကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြ အပ်ပါတယ်။
အစီအစဉ်မှူး။ ။ ကြီးကြပ်သူဖြစ်တဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ တယ်လီ ဖုန်းဆင်းကတ်တွေကို မှတ်ပုံတင်တဲ့အခါမှာ စနစ်တကျ ဖြစ်စေဖို့အတွက် ဘယ်လိုများ ဆောင်ရွက်ထားသလဲဆိုတာ သိပါရစေ။
ဦးမျိုးဆွေ။ ။ ကျွန်တော်တို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ အော်ပရေတာတွေကို လိုအပ်တဲ့ ညွှန်ကြားချက်တွေထုတ်ပြန်ပြီးတော့ ကြီးကြပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆင်းကတ်တွေ မှတ်ပုံတင် တဲ့အခါမှာ ဖြည့်သွင်းရတဲ့အချက်အလက်တွေ ရှိပါတယ်။ ဖြည့်သွင်းရတဲ့အချက်အလက်တွေနဲ့ တကယ်မှတ်ပုံတင်တဲ့ သူရဲ့မှတ်ပုံတင်နဲ့ ကိုက်ညီမှုရှိ၊ မရှိ၊မှန်ကန်ခြင်းရှိ၊ မရှိ စစ်ဆေး ပြီးမှ မှတ်ပုံတင်ရေးကိစ္စပြီးမြောက်တာမျိုး၊ နောက် တစ်ခု က မှတ်ပုံတင်အမှတ်တစ်ခုကို ဆင်းကတ်နှစ်ခုထက် ပိုပြီး မှတ်ပုံတင်ခြင်းမပြုအောင် ညွှန်ကြားတာမျိုး၊ ပြည်သူလူထုတွေ မှတ်ပုံတင်တာပဲဖြစ်ဖြစ်၊ ပြန်လည်စစ်ဆေးတာပဲ ဖြစ်ဖြစ် ဒီလိုဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးတာမျိုး ဆောင်ရွက်နိုင် အောင် အော်ပရေတာတွေကို ညွှန်ကြားဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက အရောင်းဆိုင်တွေအနေနဲ့ကလည်း ဆင်းကတ်တွေကို စနစ်တကျပြန်လည်မှတ်ပုံတင်ရေးမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါ ကြောင့် အော်ပရေတာတွေအနေနဲ့လည်း ၎င်းတို့တာဝန်ခံတဲ့ အရောင်းဆိုင်တွေနဲ့ စာချုပ်ချုပ်ဆိုပြီးတော့ ဖြန့်ဖြူး ရောင်းချဖို့ကိုလည်း ကြီးကြပ်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။နောက်တစ်ခုက ခုနကပြောလိုက်တဲ့ညွှန်ကြား ချက်တွေကိုလည်း လိုက်နာခြင်းရှိ၊ မရှိ အော်ပရေတာတွေ ရဲ့ ဆင်းကတ်တွေမှတ်ပုံတင်ထားတဲ့ Data Base လိုဟာမျိုးစနစ်တွေကိုလည်း တိုက်ရိုက်စစ်ဆေးမှာလည်း ဖြစ်ပါတယ်။ နောက်တစ်ခုက အရောင်းဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ စည်းကမ်းညွှန်ကြား ချက်တွေကို လိုက်နာမှုမရှိဘူးဆိုရင် ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ တယ်လီဖုန်းဆင်းကတ်တွေကို ပြန်လည်မှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အော်ပရေတာတွေအနေနဲ့ ဘယ်လိုများဖြည့်စွက်ပြောချင် ပါသလဲ။
ဦးမျိုးသန့်။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့မိုဘိုင်းဖုန်းသုံးစွဲတဲ့သူတွေ သူတို့ရဲ့ အချက်အလက်တွေကို ခုနကတင်ပြခဲ့သလိုစိစစ်ပြီးတဲ့ အခါမှာ လိုအပ်တဲ့အချက်အလက်တွေ ပြင်ဆင်ဖို့လိုတယ်။ တကယ်လို့ ဖြည့်စွက်ဖို့လိုတယ်ဆိုရင် စောစောကတင်ပြခဲ့ သလိုပဲ MPT ဆိုင်တွေမှာသွားပြီး ဆောင်ရွက်လို့ရပါတယ်။ အွန်လိုင်းအနေနဲ့က MPT 4U ဆိုတဲ့ application ရှိပါတယ်။ လွယ်ကူရိုးရှင်းပါတယ်။ အဲဒီ application လေးကို အသုံးပြုပြီးတော့ အလွယ်တကူလိုအပ်တဲ့အချက်အလက် တွေပြင်ဆင်လို့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ လိုအပ် တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲ တစ်စုံ တစ်ရာရှိရင် Call center ကိုလည်း ဆက်သွယ်မေးမြန်း နိုင်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလေးတွေ အလေးထားပြီး စဉ်းစားဆောင်ရွက်နေ ပါတယ်။
အစီအစဉ်မှူး။ ။ တယ်လီနောအနေနဲ့ရော ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဒေါ်ထက်ထက်ထွန်း။ ။ ကျွန်မတို့ တယ်လီနောမြန်မာအနေနဲ့ကတော့ သုံးစွဲသူတွေကို ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာနဲ့ပတ်သက်လို့ နှစ်မျိုး ပေါ့။ တစ်ခုကမှတ်ပုံတင်တဲ့အခါမှာ ဘယ်လိုအချက်အလက် လိုအပ်သလဲဆိုတာပေါ့။ ဒီလိုလိုအပ်တဲ့အချက်အလက် အားလုံးကို တယ်လီနောမြန်မာရဲ့ Website မှာလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ တယ်လီနောမြန်မာရဲ့ ဖေ့စ်ဘွတ်ဖြစ်ဖြစ်၊ Call center ကို ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။
ဒုတိယတစ်ခုက ပြန်လည်ပြီးမှတ်ပုံတင်သုံးစွဲဖို့ အတွက်ပေါ့။ ဒီအတွက်ဆိုရင် နည်းလမ်းသုံးသွယ်ရှိပါ တယ်။ ပထမတစ်ခုက ကိုယ်တိုင် Channel တွေကတစ်ဆင့် Mytelenor application သို့မဟုတ် Telenor Myanmar Website မှာကိုယ်တိုင်မှတ်ပုံတင်နိုင်ပါတယ်။ ဒုတိယ တစ်ချက်က အကူအညီရယူပြီးတော့ Registration လုပ်တဲ့ နေရာတွေ၊ ဒါကတော့သုံးစွဲသူတွေ Channel တွေဖြစ်တဲ့ တယ်လီနောမြန်မာဖေ့စ်ဘွတ်ရှိမယ်။ နောက်တစ်ခုက Viber ရှိမယ်။ Care Email ဆိုပြီး Customer ရဲ့ Email ကိုပို့ပြီးတော့လည်း အကူအညီရယူပြီးတော့ မှတ်ပုံတင်နိုင် ပါတယ်။ နောက်ဆုံးတစ်ခုကတော့ တယ်လီနောရဲ့နီးစပ်ရာ ဆိုင်တွေမှာ အကူအညီရယူပြီး မှတ်ပုံတင်နိုင်ပါတယ်။ ဘယ် Channel ကပဲဖြစ်ဖြစ် မှတ်ပုံတင်တဲ့အခါမှာ သုံးစွဲသူ တွေအားလုံးကို အခကြေးငွေကောက်ခံခြင်းလုံးဝမရှိပါဘူး။
အစီအစဉ်မှူး။ ။ အော်ရီဒူးအနေနဲ့ရော ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဦးစောဆဲသပ်ကလဲ။ ။ အော်ရီဒူးမြန်မာ အနေနဲ့ကတော့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပြီးတော့ ကိုယ့်ရဲ့Customerတွေ ဝန်ဆောင်မှုမပျောက်သွား အောင် ကျွန်တော်တို့အနေနဲ့ စောစောကပြောတဲ့နည်း လမ်းခြောက်မျိုးနဲ့စစ်ဆေးနိုင်သလို အဲဒီနည်းလမ်းခြောက် မျိုးနဲ့ပဲ ထပ်ပြီး ပြန်လည်မှတ်ပုံတင်နိုင်ပါတယ်။
အစီအစဉ်မှူး။ ။ မိုင်တဲလ်အနေနဲ့ရော ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဦးဇော်မင်းဦး။ ။ ကျွန်တော်စောစောကတင်ပြသွားတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးနိုင် တယ်။ စစ်ဆေးပြီးတဲ့အချိန်မှာ မှတ်ပုံတင်ထားတဲ့ ကိုယ်သုံး တဲ့ကတ်က ကိုယ့်မှတ်ပုံတင်မဟုတ်ဘူးဆိုရင်တော့ စော စောက ပြောတဲ့နည်းလမ်းတွေနဲ့ပဲ ကိုယ့်ရဲ့အချက်အလက် ကို ဖြည့်သွင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း အော်ပရေတာတော်တော် များများကပုံစံတူကြပါတယ်။ Call center တွေရှိမယ်။ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်တွေကနေပြီးတော့ မေးမြန်းပြီး ဆက်သွယ်အကူအညီတောင်းလို့ရမယ်။ Post တွေရှိမယ်။ ဆိုင်တွေရှိမယ်။ ဒါတွေရှိပါမယ်။
အော်ပရေတာတွေအားလုံးနီးပါးက ကိုယ့်ရဲ့သုံးစွဲသူတွေအဆင်ပြေဆုံးဖြစ်အောင် ဒါလေးကိုအားလုံးကြိုးစားပမ်းစားလုပ်သွားမှာဖြစ်ပါတယ်။ နောက် ဒီနေရာမှာအရေး ကြီးတဲ့အချက်က Customer တွေကို မေတ္တာရပ်ခံချင်တာက ဒါလေးကိုအလေးထားပြီးတော့ စတင်ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ နည်းနည်းလေး အခက်အခဲတစ်ခုရှိ နိုင်တာက တစ်ပြိုင်နက်တည်းမှာ၊ အချိန်တစ်ခုတည်းမှာ လုပ်ရတဲ့အတွက်ကြောင့် ဒါကိုကြိုတင်တဲ့အနေနဲ့ နောက် ဆုံးရက်ကျမှ ကပ်ပြီးတော့လုပ်မယ်ဆိုရင် ကျွန်တော်တို့မှာ တော်တော်အခက်အခဲလေးတွေရှိလာနိုင်ပါတယ်။
ဒါလေးကိုလည်း ဒီနေရာကနေကြိုတင်ပြီး မေတ္တာ ရပ်ခံပါတယ်။ အလေးထားပြီး လုပ်ကြပါလို့ပြောလိုပါတယ်။ ကျွန်တော်တို့ဘက်ကတော့ နည်းလမ်းတွေနဲ့ကူညီဆောင် ရွက်ပေးဖို့ တတ်နိုင်သမျှနည်းလမ်းတွေ၊ နောက်ထပ်လာ မယ့်နည်းလမ်းတွေ ပြင်ဆင်ထားတာတွေ ရှိနေပါတယ်။
အစီအစဉ်မှူး။ ။ ညွှန်ကြားရေးမှူးချုပ် အနေနဲ့တယ်လီဖုန်း ဆင်းကတ်တွေ ပြန်လည်မှတ်ပုံတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာများဖြည့် စွက်ပြောချင်ပါသလဲ။
ဦးမျိုးဆွေ။ ။ ကျွန်တော့်အနေနဲ့ သတိပေးမေတ္တာရပ်ခံချင်တာက ဖြည့်သွင်းတဲ့အချက် အလက်တွေ၊ မိမိတို့ မှတ်ပုံတင်နံပါတ်တွေနဲ့ တကယ့်ကိုမူရင်းမှာပါလာတဲ့မှတ်ပုံတင်ထဲမှာပါတဲ့ နံပါတ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပေးမှသာ မှတ်ပုံတင်တဲ့လုပ်ငန်းစဉ် ပြီးမြောက်ပြီး မှန်ကန်မှသာ လိုင်းဖွင့်ပေးတာတို့၊ မှတ်ပုံတင် လုပ်ငန်းစဉ် ပြီးမြောက်တာတို့ ဖြစ်တာဖြစ်တဲ့အတွက် ကိုယ်ဖြည့်သွင်းတဲ့အခါမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင် ကိုယ်ကတော့ မှတ်ပုံတင်လုပ်ငန်းစဉ် ပြီးမြောက်ပြီဆိုပြီးထားလိုက်ရင် စောစောကပြောတဲ့ အခြေအနေကျရင်၊ လိုင်းတွေအပိတ်ခံ ရရင်ကိုယ့်ရဲ့နေ့စဉ်ဆောင်ရွက်နေတဲ့ တခြားစီးပွားရေးကိစ္စ တွေ၊ လူမှုရေးကိစ္စတွေမှာ များစွာအနှောင့်အယှက်ဖြစ်မှာ မို့လို့ အချက်အလက်မှန်ကန်စွာဖြည့်သွင်းထားရေးကိုလည်း သေချာစနစ်တကျလေး လုပ်ပေးပါလို့ဖြည့်စွက်ပြီး မေတ္တာ ရပ်ခံပြောကြားလိုပါတယ်။
အစီအစဉ်မှူး။ ။ အမြဲတမ်းအတွင်းဝန်အနေနဲ့ရောဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဦးစိုးသိန်း။ ။ ကျွန်တော်တို့ပထမပိုင်းမှာတင်ပြခဲ့သလိုပါပဲ။ ဆင်းကတ်တွေ စနစ် တကျမှတ်ပုံတင်သုံးစွဲခြင်းက ပြည်သူတစ်ဦးတစ်ယောက် စီရဲ့လုံခြုံရေးအတွက်အရေးကြီးသလို နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်လည်း အရေးကြီးတဲ့အတွက် ဆင်းကတ်တွေကိုသုံးစွဲသူရဲ့အချက်အလက်နဲ့ အချက်အလက်အမှန်တွေနဲ့ပြန်လည်သုံးစွဲကြဖို့၊ ပြန်လည်မှတ်ပုံတင်ကြဖို့ အလေး အနက်တိုက်တွန်းပြောကြားလိုပါတယ်။
နောက်တစ်ခုကလည်း အော်ပရေတာတွေအနေနဲ့ ဒီလုပ်ငန်းစဉ်ကိုဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထု အဆင်ပြေချောမွေ့စေရေးအတွက် ခုနကလည်း တင်ပြတာ တွေရှိပါတယ်၊ သူတို့ဘက်ကလည်း သုံးစွဲသူတွေအဆင်ပြေ စေဖို့အတွက် ထပ်မံဆောင်ရွက်သွားမယ့်အစီအစဉ်တွေရှိပါတယ်။ ဒီအစီအစဉ်တွေကိုလည်း တွန်းအားပေးပြီး မြန်မြန် ဆန်ဆန်လွယ်လွယ်ကူကူနဲ့ ဆောင်ရွက်မယ့်နည်းလမ်းစဉ် တွေကို ဆက်လက်ဆောင်ရွက်ပေးသွားဖို့ တိုက်တွန်းပြော ကြားလိုပါတယ်။
နောက်တစ်ခုက သတ်မှတ်ရက်နောက်ပိုင်းမှာ စနစ် တကျမှတ်ပုံမတင်ထားတဲ့ဆင်းကတ်တွေကို အော်ပရေတာ တွေနဲ့ကွန်ရက်တွေထဲမှာသုံးစွဲတာတွေ့ရင် သက်ဆိုင်ရာ အော်ပရေတာတွေကို အရေးယူဆောင်ရွက်သွားမယ့် အခြေအနေရှိပါတယ်။ သက်ဆိုင်ရာအော်ပရေတာတွေကို ပြောကြားလိုတာက မိမိကိုယ်တိုင်ရော၊ မိမိတို့ရဲ့အရောင်း ဆိုင်တွေကိုရော ဆင့်ကဲဆင့်ကဲ ကြီးကြပ်ဆောင်ရွက်သွားဖို့ မှာကြားလိုပါတယ်။
နောက်တစ်ခုက ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်ပေါ့။ ဒီလုပ်ငန်းစဉ်ကိုလည်း အခြားနိုင်ငံတွေ နည်းတူ EIT စနစ်တွေ၊ လက်ဗွေ၊ မျက်ကြည်လွှာ စတဲ့ (BIO Matric Imformation) တွေအပေါ်အခြေခံပြီး မှတ်ပုံတင်ရေး စနစ်ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိတယ်ဆိုတဲ့အကြောင်း အသိပေးတင်ပြလိုပါတယ်။
နိဂုံးချုပ်အနေနဲ့တင်ပြရရင် ဒီလုပ်ငန်းစဉ်ကြီးတစ်ခု လုံးက အော်ပရေတာတွေရော၊ ပြည်သူလူထုတစ်ရပ်လုံးရောပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်တဲ့ လုပ်ငန်းစဉ်ကြီးဖြစ်တဲ့အတွက် ဒါတွေကိုပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အစီအစဉ်မှူး။ ။ တယ်လီဖုန်းဆင်းကတ်များ အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်ခြင်းမရှိသည့် ဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း တယ်လီဖုန်း ဆင်းကတ်သုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့၏ ဆင်းကတ် များကို အချက်အလက်ပြည့်စုံစွာအမြန်ဆုံး ပြန်လည် မှတ်ပုံတင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ။
စုစည်းတင်ပြသူ
မင်းသစ်(MNA)
ဓာတ်ပုံ ဇော်မင်းလတ်(ဒလ)