Skip to main content

ရောဂါပိုးနှင့် လူ အတူယှဉ်တွဲနေထိုင်နိုင်ရေး

စိုးရိမ်ရသည့် ကိုဗစ်-၁၉ မျိုးကွဲသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကြေညာခဲ့သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုမှာ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်သွားပြီဖြစ်သည်။ တောင် အာဖရိကမှစတင်ခဲ့သည့် အိုမီခရွန်သည် မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကူးလူးဆက်ဆံသွားလာနေကြသည့် အရှေ့ဘက်နှင့် အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဆီသို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်မရွေး ကူးစက်ဝင်ရောက်လာနိုင်နေပြီဖြစ်သည်။

အိုမီခရွန်သည် ကိုဗစ်-၁၉ မျိုးကွဲသစ်များအနက် ကူးစက်ပျံ့နှံ့မှု အမြန်ဆုံးဖြစ်ပြီး ရောဂါပြင်းထန်မှု လျော့နည်းကြောင်း စောစော ပိုင်းလေ့လာတွေ့ရှိချက်များအရ သတင်းများ ထုတ်ပြန်ခဲ့သော်လည်း အိုမီခရွန်ကြောင့် သေဆုံးသည့်သတင်း ပထမဆုံးအကြိမ် ထွက်ပေါ် လာသည့်အခါတွင်မူ မပေါ့ဆကြရန် သတိပေးလာကြပြန်သည်ကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် လက်ရှိအချိန်အထိ အိုမီခရွန် ဝင်ရောက် ကူးစက်မှု မတွေ့ရှိရသေးသလို ကိုဗစ်-၁၉ကူးစက်မှုနှုန်းမှာ ရက်သတ္တပတ်အလိုက် ကျဆင်းနေခြင်းကြောင့် တားဆီးကန့်သတ်မှုများ ဖြေလျှော့လျက်ရှိရာ လူစုလူဝေးနေရာများဖြစ်သည့် ဈေးများနှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် အချိန်ကြာမြင့်စွာ အကာအကွယ်မဲ့ နေထိုင်မှုများ တစ်စထက်တစ်စ များပြားလာလျက် ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ပို၍ တားဆီးကာကွယ်နိုင်သည့် တိုင်အောင် လူစုလူဝေးရှောင်ခြင်း၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခြောက်ပေခွာ၍ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံခြင်း၊ မကြာမကြာ လက်ဆေးခြင်းတို့ကို မပျက်မကွက် ဆက်လက်ပြုလုပ်သွားရန် လိုအပ်သည်။

အိုမီခရွန်မျိုးကွဲကူးစက်ခံရပါက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူများအဖို့ ရောဂါပြင်းထန်မှု လျော့နည်းနိုင်သော်လည်း အသက်ရှူမဝခြင်း၊ မောပန်းလွယ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အာရုံ စူးစိုက်၍ မရခြင်း၊ အိပ်မပျော်ခြင်း၊ မူးဝေခြင်း၊ အင်အားကုန်ခန်းခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများကို ခံစားရနိုင်ကြောင်း သုတေသနပြု တွေ့ရှိထားသည့်အတွက် ဂရုပြုကြရမည် ဖြစ်သည်။ ကိုဗစ်-၁၉ကာကွယ်ဆေးအပြည့်ထိုးနှံထားပြီးသူ ဖြစ်စေ ကာမူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းများကို ဆက်လက်လိုက်နာခြင်းအားဖြင့် မည်သို့သော ဗီဇပြောင်းရောဂါ မျိုးကွဲသစ်များ ပေါ်လာသည်ဖြစ်စေ မိမိကိုယ်ကို ကာကွယ်နိုင်ကြမည်ဖြစ်သည်။

အိုမီခရွန်ကဲ့သို့သော ဗီဇပြောင်းရောဂါမျိုးကွဲသစ် ထပ်မံ ဝင်ရောက်မလာပါက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးတိုက်ဖျက်ရေးမှာ အခြေအနေကောင်းတစ်ရပ်ကို ရရှိနေပြီဟု ဆိုရမည် ဖြစ်သည်။ ယခုလအတွင်း တစ်နိုင်ငံလုံး အသက် ၁၈နှစ် အထက် လူဦးရေ၏၅၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိရာ မျှော်မှန်းသည်ထက် ကျော်လွန်မည် ဖြစ်သည်။ အပိုဆောင်းထိုးနှံလိုသူများကို သတ်မှတ် စည်းကမ်းများနှင့်အညီ ပုဂ္ဂလိကဆေးရုံများတွင် ထိုးနှံနိုင်ရေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အသိအမှတ်ပြုထားသော ဆေးဝါးများဖြစ်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများက သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ရာ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုများ မကြာမီ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားဦးမည်မဟုတ်ဘဲ ဗီဇပြောင်းမျိုးကွဲများ ထပ်မံထွက်ပေါ်လာခြင်းနှင့်အတူ လူ့အသိုင်းအဝိုင်းအတွင်း ရှိနေလိမ့်မည်ဟု ပညာရှင်များက ပြောကြားကြသည်။ ရောဂါကူးစက်မှု မြန်ဆန်များပြားပြီး ပြင်းထန်ပါကတားဆီးကန့်သတ် ပိတ်ဆို့မှုများနှင့်အတူ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် အဘက်ဘက်တို့တွင်လည်း ထိခိုက်နစ်နာ ဆုံးရှုံးကြရသည်။ ရောဂါပိုးနှင့် လူတို့အတူ ယှဉ်တွဲနေထိုင်ကြရတော့မည်ဖြစ်ရာ ကူးစက်ခံရသူ ဘဝသို့ မကျရောက်စေရေးအတွက် မိမိကိုယ်ကို ကာကွယ်နိုင်ကြပါစေကြောင်း။ ။