နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများအတွက် အရည်အသွေးပိုမိုပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဘွဲ့လွန်ဆေးပညာရှင်များကို မွေးထုတ်ပေးရာတွင် ခေတ်နှင့်အညီ သင့်လျော်သည့် စနစ်ဖြင့် ဆောင်ရွက် ရန်အတွက် ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် အရေးကြီးပါကြောင်း၊ ဘွဲ့လွန်သင်တန်း ဝင်ခွင့် ရွေးချယ်မှုများ ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိ၊ သမာသမတ်ကျစွာဖြင့် မျှတမှုရှိစေရေး အထူး အလေးပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သွားလာရခက်ခဲဒေသ များနှင့် ဝေးလံခေါင်သီဒေသ များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ပြုလုပ်သည့် မွမ်းမံသင်တန်းများ၊ ဘွဲ့လွန်ဝင်ခွင့် အထောက်အကူပြုသင်တန်းများနှင့် ပြည်တွင်း၌ ပြုလုပ်သော နိုင်ငံတကာညီလာခံတို့ကို တက်ရောက်ခွင့်၊ ပါမောက္ခကြီးများနှင့် အထူးကုဆရာဝန်များ၏ လုပ်ငန်းခွင်တွင် အနီးကပ်သင်ကြားပေးမှုနှင့် နိုင်ငံတကာမှ ဆေးပညာရှင်များက ပြည်တွင်းသို့ လာရောက် ခွဲစိတ်မှု၊ ကုသမှု စသည့် လက်တွေ့သင်ကြားမှု အခွင့်အရေးများ ရရှိရန်မှာ နည်းပါး ပါကြောင်း။
မျှတမှုရှိစေရေးကို အလေးအနက်ထားဆောင်ရွက်
အဆိုပါဝန်ထမ်းများသည် နေထိုင်မှု၊ စားသောက်မှု အခက်အခဲများကြားမှ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်ရင်း ၎င်းတို့၏ ရည်မှန်းချက် ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ရရှိရန် ကြိုးပမ်း မှုများအပေါ် တန်ဖိုးထား၍ အလေးထားစဉ်းစားပေးကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဝန်ထမ်းများ ဘွဲ့လွန်သင်တန်းများ ဝင်ခွင့် ဖြေဆိုရာတွင် မျှတမှုရှိစေရေးကို အလေးအနက်ထား ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။
ဘွဲ့လွန်သင်တန်း ဝင်ခွင့်မေးခွန်းများတွင်လည်း ဘွဲ့လွန်သင်တန်း ဝင်ခွင့်အတွက် စစ်ဆေးခြင်းသာ ဖြစ်ပြီး ဘွဲ့လွန်ရရှိပြီးသူများကို စစ်ဆေးခြင်း မဟုတ်သည်ကိုလည်း သတိပြုစေလိုပါကြောင်း၊ သို့ဖြစ်၍ ဝင်ခွင့်ရွေးချယ်ရာတွင် သက်ဆိုင်ရာဘာသာရပ်အား ဓမ္မဓိဋ္ဌာန်ကျသည့် မေးခွန်းများဖြင့် ယေဘုယျ အခြေခံ သဘောတရားနှင့် အချက်အလက်များကို နားလည်ကျွမ်းကျင်မှုနှင့် စဉ်းစားတွေးခေါ်တတ်မှု တို့ကို အဓိကထား စစ်ဆေးခြင်းကို ပြုလုပ်စေလိုပြီး ဘွဲ့လွန်ရရှိထားပြီးမှသာ ဖြေဆိုနိုင်မည့် ခက်ခဲသော အဆင့်မြင့် အကြောင်းအရာများကို မစစ်ဆေးစေလိုပါကြောင်း။
ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာ လုပ်သက်နှစ် စောင့်ဆိုင်းစရာမလို
ပညာရပ်ကျွမ်းကျင်မှုပိုင်း တစ်ခုတည်းသာမကြည့်ဘဲ ဘွဲ့လွန်ရရှိပြီးနောက် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမည့် ပြည်သူ့ဝန်ထမ်းကောင်းဖြစ်မည့် သူများကို ရွေးချယ်စေလို ပါကြောင်း၊ မိမိအနေဖြင့် ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာစစ်ဆေးခြင်းပုံစံကိုလည်း ယခုနှစ်တွင် ပြောင်းလဲ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာစစ်ဆေးခြင်းကို တစ်နှစ်လျှင် သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ကြိမ်အောင်မြင်ထားလျှင် သုံးနှစ်အတွင်း နောက်တစ်ကြိမ် ထပ်မံဖြေဆိုစရာမလိုဘဲ ဝင်ခွင့်ဖြေဆိုရာတွင် သက်ဆိုင်ရာ ဆေးနှင့်ဆေးပညာ နှီးနွှယ်ဘာသာရပ်ကိုသာ ဖြေဆိုရမည် ဖြစ်ပါကြောင်း၊ ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာကို အလုပ်ဝင် ပြီးနောက် လုပ်သက်နှစ် စောင့်ဆိုင်းစရာမလိုဘဲ ဖြေဆို ထားနိုင်မည်ဖြစ်ပါကြောင်း။
ဆေးနှင့် ဆေးပညာနှီးနွှယ်ဘာသာရပ်အလိုက် ဘွဲ့လွန်ဝင်ခွင့်များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရေအတွက်၊ လစ်လပ်နေမှု၊ အငြိမ်းစားယူမည့် အရေအတွက်၊ နုတ်ထွက်မည့် အရေအတွက်များနှင့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေများကိုပါ ဘက်စုံစဉ်းစားချိန်ကိုက်ကာ လိုအပ်မှုများပြားသော ဘာသာရပ်များအတွက် ပိုမိုတိုးမြှင့်ခေါ်ယူ မွေးထုတ် သွားရမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်း တက်ရောက်စဉ်ကာလအတွင်း ဘွဲ့လွန် အဆင့်နှင့် ထိုက်တန်သည့် ကြိုးစားအားထုတ်မှု၊ တတ်ကျွမ်းမှုများကို ကြပ်မတ်စစ်ဆေးရမည်ဖြစ်ပြီး ဘွဲ့လွန်ရထိုက်သည့် အရည်အသွေးရှိသူများကိုသာ ဘွဲ့ပေးရန်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်း တက်ရောက်စဉ် ကာလအတွင်း မိမိ ကိုယ်တိုင်လေ့လာသင်ယူမှု (self-learning)၊ အလေ့အကျင့်၊ ကျင့်ဝတ်များညီညွတ်မှု၊ ပညာရပ်ပိုင်းကျွမ်းကျင်မှု၊ သုတေသနဆောင်ရွက်မှုအလေ့အကျင့်၊ နှီးနွှယ်ပညာ ရှင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု၊ အပြုသဘောအမြင်ရှိမှု၊ ရှေ့သို့ မျှော်တွေး စဉ်းစားတတ်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု စသည့် အရည်အသွေးများရရှိစေရေး သင်ကြား လေ့ကျင့်ပေးစေ လိုပါကြောင်း။
ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်)ရှိ သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနတွင် သုတေသနသင်တန်းများကို မဖြစ်မနေ (compulsory) တက်ရောက်စေမည် ဖြစ်ပါကြောင်း၊ ကုသရေး ဆေးဘာသာရပ်များတွင် ပြည်သူ့ ကျန်းမာရေး အခြေခံ သဘောတရားများကိုလည်း ထည့်သွင်းသင်ကြားပေးစေ လိုပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လာမည့်ဘဏ္ဍာနှစ် တွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အတွက် ဘဏ္ဍာငွေများ သိသာထင်ရှားစွာ တိုးမြှင့်ချထားပေးမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနအနေဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြု နိုင်ရေးအတွက် ဘဏ္ဍာငွေခွဲဝေ လျာထား မှုများ ဆောင်ရွက်ထားရှိစေလိုပါကြောင်း။
ဘွဲ့လွန်သင်တန်း ၁၃၆ ခုကို ဖွင့်လှစ်ထား
ဝန်ကြီးဌာနမှ ၁၉၆၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဒီပလိုမာဘွဲ့ရရှိသူ ၃,၅၅၅ ဦး၊ ဆေးပညာ မဟာဘွဲ့ရရှိသူ ၉,၉၁၄ ဦး၊ ပါရဂူဘွဲ့ရရှိသူ ၂၉၇ ဦးနှင့် ဆေးလက်တွေ့ ပါရဂူဘွဲ့ရရှိသူ ၉၉၄ ဦးတို့ကို မွေးထုတ်ခဲ့ပြီး ၂၀၂၀ ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်း ၁၄ ခု၊ ဆေးပညာ မဟာသိပ္ပံသင်တန်း ၅၈ ခု၊ ပါရဂူဘွဲ့ သင်တန်း ၁၅ ခု၊ ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်း ၄၉ ခု စုစုပေါင်း ဘွဲ့လွန်သင်တန်း ၁၃၆ ခုကို ဖွင့်လှစ်ထားရှိသည်ကို သိရှိရပါကြောင်း။
နိုင်ငံ၏ ကျန်းမာရေးကဏ္ဍအနာဂတ်ကို ပုံဖော်ဆောင်ရွက်မည့် ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ် ဘွဲ့လွန် ပညာရှင်ကောင်းများကို မွေးထုတ်ပေးရန်အတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ၊ သမားရိုးကျမှ ဖောက်ထွက်သည့် ဆန်းသစ်သောအမြင်များဖြင့် စဉ်းစားကာ ဆောင်ရွက်သွား ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် နှီးနှောဖလှယ်ပွဲတွင် ဘွဲ့လွန်ဝင်ခွင့် ရွေးချယ်ရေး သတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များ၊ စစ်ဆေးမည့် ပုံစံများ၊ ပုဂ္ဂလိကဆရာဝန်များအတွက် ဘွဲ့လွန် သင်တန်းများ စသည်တို့ကို ဝိုင်းဖွဲ့ ဆွေးနွေးတင်ပြခြင်း၊ မဟာဘွဲ့သင်တန်းပြီးနောက် ပုံစံကျကြပ်မတ်သင်ကြား ခြင်း၊ ဆေးပညာပါရဂူ ဘွဲ့နှင့် fellowship သင်ကြားမှုပုံစံ၊ ဘွဲ့လွန်သင်တန်းတွင် သုတေသနသင်ကြားမှု၊ ဘွဲ့လွန် သင်ကြား ရေးကိစ္စရပ်များ ပိုမိုတိုးတက်ရေးစသည့် အကြောင်းအရာခေါင်းစဉ်များကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သည်။
သတင်းစဉ်